၂၈. ၁၂. ၂၀၂၃
Written by Pan Ei
K-pop အဆိုတော် အိုင်ဒေါတွေကို မွေးထုတ်ပေးလေ့ရှိတဲ့ Survival Show တွေဟာ တောင်ကိုရီးယားမှာတင်မကဘဲ နိုင်ငံတကာမှာပါ နာမည်ကြီး လူကြိုက်များပါတယ်။ အခုအခါမှာလည်း SBS ရုပ်သံလိုင်းက တင်ဆက်ပြသပေးနေတဲ့ Universe Ticket ဆိုတဲ့ Survival Show မှာ တရုတ်၊ ဂျပန်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံအရပ်ရပ်က ယှဥ်ပြိုင်သူတွေနဲ့အတူ မြန်မာနိုင်ငံက ပထမဆုံး ပါဝင်သူအဖြစ် Riel က ပါဝင်ယှဥ်ပြိုင်ခဲ့ပါတယ်။
ယှဉ်ပြိုင်သူ ၈၂ ယောက်ထဲမှာ Riel ဟာ ပထမအဆင့် ထုတ်ပယ်ခြင်းကို ကျော်လွှားနိုင်ခဲ့ပေမဲ့ အစီအစဉ်အရ High၊ Middle၊ Low ဆိုတဲ့ အဆင့်သုံးဆင့်ခွဲပြီး ပြိုင်ပွဲဝင်တွေကို သတ်မှတ်ခဲ့ရာ Riel က Low Level ရောက်ရှိခဲ့ပါတယ်။ Low Level က အဖွဲ့နှစ်ဖွဲ့ ယှဉ်ပြိုင်တဲ့ ဖျော်ဖြေပွဲပြီးနောက် Riel တို့အဖွဲ့ ရှုံးနိမ့်ခဲ့ရကာ Riel ဟာ ဆက်လက်ယှဉ်ပြိုင်ဖို့ ဒိုင်တွေရဲ့ ရွေးချယ်ခြင်းမခံခဲ့ရဘဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။
ပထမပိုင်းမှာ ပရိသတ်တွေက ပါဝင်သူတွေရဲ့ပရိုဖိုင်ကို မဲပေးရွေးချယ်ခဲ့ရာမှာတော့ မြန်မာက ပါဝင်ယှဥ်ပြိုင်သူ Riel က ပထမ ရရှိခဲ့တာဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် ပရိသတ်တွေ Vote ပေးရွေးချယ်ခဲ့တဲ့နေရာမှာလည်း အဆင့် ၆ ဆိုတဲ့ အဆင့်မြင့်နေရာကို ရရှိခဲ့ပါသေးတယ်။
ပရိသတ်တွေဆီက အားပေးမှုများစွာရရှိခဲ့ပေမဲ့ ဒိုင်တွေဆီက ရွေးချယ်မခံခဲ့ရတဲ့ Riel ဟာ ထွက်ခွာခဲ့ရပြီး နောက်မှာတော့ သူမကို အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်း စာလေးတစ်စောင် ရေးသားခဲ့ပါတယ်။ စာထဲမှာတော့ အားပေးခဲ့ကြသူတွေကို ကျေးဇူးတင်ရှိကြောင်းနဲ့ ရှေ့လျှောက်မှာ ပိုကောင်းတဲ့ ပုံစံအသစ်နဲ့ ပရိသတ်တွေအရှေ့ပြန်လာခဲ့မယ်ဆိုတဲ့အကြောင်းတွေ ပါဝင်ခဲ့ပါတယ်။
မနေ့က Universe Ticket အပိုင်း ၇ ထုတ်လွှင့်ပြီးနောက်မှာ ပြိုင်ပွဲဝင် ၂၄ ယောက်သာ ကျန်ရှိတော့တာဖြစ်ပြီး Universe Ticket အစီအစဉ်ကနေ မိန်းကလေး ၈ ယောက်ပါဝင်မယ့် ဂလိုဘယ် မိန်းကလေးအဖွဲ့ကို ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။