၂၇.၁၂.၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတရားရုံးချုပ်ရဲ့ ရာဇဝတ်မှုဆိုင်ရာတရားရုံးက ဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှီနာဝပ်ထရာကို သူမရင်ဆိုင်နေရတဲ့ အမှုတစ်ခု တရားသေလွှတ်ပေးခဲ့ပေမယ့် တကယ်လို့ ယင်လတ်အနေနဲ့ ထိုင်းနိုင်ငံသို့ပြန်လာမယ်ဆိုရင် အစ်ကိုဖြစ်သူအတိုင်းပဲ ပြစ်ဒဏ်ငါးနှစ်ချမှတ်ထားခံရမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိသေးတယ်လို့သိရပါတယ်။
၂၀၁၁ ခုနှစ်မှာ ဝန်ကြီးချုပ်တာဝန်ယူစဉ် ယင်လတ်က သာဝီးလ် ပလီယန်ဆရီကို အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်ရာထူးကနေ ဝန်ကြီးချုပ်ရဲ့အကြံပေးအရာရှိအဖြစ်ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါက အာဏာကိုအလွဲသုံးစားပြုတာလို့ ယင်လတ်ကိုစွဲချက်တင်ခဲ့တာပါ။ဒါပေမယ့် တရားရုံးချုပ်က ယင်လတ်အနေနဲ့ သာဝီးလ်ကို ဖယ်ရှားခြင်းက လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းမဟုတ်ဘူးလို့ဆုံးဖြတ်ကာ သူမကိုထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကိုလည်းရုပ်သိမ်းခဲ့ပါတယ်။
ဒါပေမယ့် ယင်လတ်ကို သူမအစိုးရရဲ့ အငြင်းပွားဖွယ် ဆန်စပါးစိုက်ပျိုးမှု အမတော်ကြေးအစီအစဉ် တစ်ရပ်အပေါ် ပြစ်မှုအတွက် ပြစ်ဒဏ် ငါးနှစ်ချမှတ်ထားမှုရှိနေပါသေးတယ်။ ဒါ့ပြင် ယင်လတ် အနေနဲ့ ထိုင်းနိုင်ငံရဲ့ “Roadshow to Thailand’s Future Thailand 2020” စီမံကိန်းအတွက် ဥပဒေနဲ့မညီ ဘတ်ငွေ သန်း ၂၄၀ ခွဲဝေသတ်မှတ်ခဲ့မှုအပေါ် စွဲချက်လည်း ရှိပါသေးတယ်။
ဒါပေမယ့် ဒုတိယဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ ဝစ်ဆာနု ခရီနမ်က ဒီဇင်ဘာ ၂၅ ရက်မှာ ယင်လတ်အနေနဲ့ ရင်ဆိုင်နေရသေးတဲ့ပြစ်ဒဏ်ပြစ်မှုတွေအတွက် တော်ဝင်ဘုရင်မင်းမြတ်ထံ အသနားခံပြီး လွတ်ငြိမ်းချမ်းသာခွင့်ရယူဖို့ အရည်အချင်းပြည့်မီပါတယ်လို့ပြောလိုက်တဲ့အခါမှာတော့ ယင်လတ်လည်း ထိုင်းနိုင်ငံကို ပြန်လာတော့မလား ခန့်မှန်းချက်တွေထွက်ပေါ်လာခဲ့တာပါပဲ။
အခုအခါ အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ယင်လတ်ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ်အဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာတော့ သူမရဲ့အစိုးရရဲ့ ထိုင်းနိုင်ငံစပါးစိုက်ပျိုးရေးစီမံချက်မှာ ပေါ့ဆမှုအတွက်ကြောင့်လို့ဆိုကာ ပြစ်ဒဏ်အပေးမခံရမီ ပြည်ပသို့ထွက်ပြေးခဲ့တာပါ။ ဒါပေမယ့် ယင်လတ် ကတော့ စွဲချက်တွေနဲ့ ပတ်သက်လို့ သူမမှာ အပြစ်လုံးဝမရှိကြောင်းနဲ့ ဒါတွေအားလုံးဟာ ၂၀၁၄ မှာ သူမအစိုးရကို ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ ခေါင်းဆောင်တဲ့ အာဏာသိမ်းမှုအပြီး နိုင်ငံရေးအရ လှုံ့ဆော်ဆောင်ရွက်မှုတွေလို့ ပြောခဲ့ပါတယ်။
ယင်လတ်ရဲ့အစ်ကိုဖြစ်တဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာလည်း ၂၀၂၃ ခုနှစ်၊ဩဂုတ်လ၂၂ ရက်မှာ ထိုင်းနိုင်ငံကိုပြန်လာပြီးနောက် တော်ဝင်ဘုရင်မင်းမြတ်က ပြစ်ဒဏ် ရှစ်နှစ်မှ တစ်နှစ်သို့ လျှော့ချပေးခဲ့တာပါ။ ဥပဒေကျွမ်းကျင်သူဖြစ်တဲ့ ဝစ်ဆာနုက ဘုရင်မင်းမြတ်ထံ အသနားခံရာမှာ အရည်အချင်းနဲ့ကိုက်ညီဖို့ ယင်လတ်ဟာ ထိုင်းအာဏာပိုင်တွေထံ ဦးစွာ အဖမ်းခံရမယ်လို့ဆိုခဲ့ပါတယ်။
Ref-Nation Thailand