၂၇.၁၂.၂၀၂၃
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ အစ္စရေးသံရုံးအနီးတွင် ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ သံရုံးဝန်ထမ်းများနှင့် အခြားတစ်စုံတစ်ဦးမှ သေကြေထိခိုက်မှုမျိုးမရှိခဲ့သော်လည်း ၎င်းကအကြမ်းဖက်တိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခြင်းဟု ယူဆရနိုင်ကြောင်း အစ္စရေးအစိုးရက ပြောကြားခဲ့သည်။
အစ္စရေးသံရုံးပြောရေးဆိုခွင့်ရှိသူ Guy Nir က ဗုံးပေါက်ကွဲမှုက ညနေ ၅ နာရီ ၄၈ မိနစ်တွင် သံရုံးအနီး၌ဖြစ်ပွားခဲ့ကြောင်း၊ နယူးဒေလီမြို့ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့တို့က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ပြောခဲ့သည်။ ဗုံးကွဲမှုကြောင့် တစ်စုံ တစ်ဦးမှ ထိခိုက်ဒဏ်ရာမရခဲ့သော်လည်း လမ်းပေါ်တွင် တွင်းကြီးဖြစ်ပွားခဲ့ကာ အနီးရှိ ကားသုံးစီးမှာလည်း ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သည်။
နောက်ဆက်တွဲသတင်းများအရမူ နယူးဒေလီရဲတပ်ဖွဲ့က CCTV ဗီဒီယိုများကိုစစ်ဆေးခဲ့ပြီးနောက် သံသယဖြစ်ဖွယ်လူနှစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ပြောခဲ့သည်ဟု သိရသည်။ သို့သော် ၎င်းတို့က ဗုံးကွဲမှုတွင်ပါဝင်ပတ်သက်သည်ဟု အတည်ပြုပြောကြားခြင်းကား မရှိသေးပေ။ ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့်နေရာ ပတ်ဝန်းကျင်တစ်ဝိုက်ကို ရဲတပ်ဖွဲ့က သုံးနာရီကြာရှာဖွေစစ်ဆေးခဲ့ရာတွင် အစ္စရေးသံအမတ်ထံလိပ်မူထားသော လက်နှိပ်စက်ရိုက်ထားသည့်စာတစ်စောင်ကို တွေ့ခဲ့ကြရသည်။ ထိုစာက ဂါဇာဒေသတွင် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို ပြင်းထန်စွာဝေဖန်ခဲ့ပြီး လက်စားချေတုံ့ပြန်သွားမည်ဟု ဖော်ပြခဲ့သည်။
ဗုံးကွဲမှုဖြစ်ပွားအပြီးတွင်မူ အစ္စရေးအမျိုးသားလုံခြုံရေးကောင်စီက အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသော အစ္စရေးနိုင်ငံသားများအား ကုန်တိုက်ကြီးများနှင့် အရောင်းဈေးကွက်များကဲ့သို့ လူစည်ကားရာနေရာများသို့ သွားရောက်ခြင်းမပြုဘဲ ရှောင်ရှားကြရန် အကြံပြုချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ၎င်းက အစ္စရေးနိုင်ငံသားများအနေဖြင့် သတိဝီရိယရှိကြရန်နှင့် အစ္စရေးနိုင်ငံအမှတ်တံဆိပ်ပုံများကို ဖော်ပြဝတ်ဆင်ခြင်းများမပြုကြရန်လည်း အကြံပြုခဲ့သည်။ အစ္စရေးနိုင်ငံသားများအနေဖြင့် မိမိတို့သွားမည့် ခရီးစဉ်နေရာများနှင့် အသေးစိတ်ကို လူမှုကွန်ရက်များတွင် ပို့စ်များတင်ခြင်းအား ခရီးစဉ်မစမီ၌ လည်း ကောင်း၊ ခရီးသွားနေစဉ်၌လည်းကောင်း မပြုလုပ်ကြရန်လည်း အကြံပြုချက်က ဆိုခဲ့သည်။
Ref–mint