၂၆. ၁၂. ၂၀၂၃
Written by Nay Aung
ထိုင်းအာဏာပိုင်များသည် ဆောင်ခလာဘူရီပြည်နယ် Nong Lu ဒေသ အမှတ် ၈ ကျေးရွာအနီးရှိ Nam Kriek စစ်ဆေးရေးဂိတ်တွင် စိတ်ကြွမူးယစ်ဆေးပြား သိန်းနှင့်ချီ သယ်ဆောင်လာသော မြန်မာနိုင်ငံသား မွန်အမျိုးသမီးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းအခြေစိုက်သတင်းတွင်ဖော်ပြထားသည်။
အဆိုပါ မွန်အမျိုးသမီးသည် စိတ်ကြွမူးယစ်ဆေးဝါးများကို Toyota ကားဖြင့် တင်ဆောင်လာခဲ့ပြီး စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရန်ကြိုးပမ်းချိန်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ထိုင်းရဲတပ်ဖွဲ့သည် မွန်အမျိုးသမီး လိုက်ပါလာသောကားကို စစ်ဆေးချိန်အတွင်း ကားမောင်းသမားထိုင်သည့်နောက်ခန်းတွင် ထည့်ထားသည့် ကတ်ထူပုံးအတွင်းမှစိတ်ကြွဆေးပြားများ တွေ့ရှိခဲ့ကြောင်း၊ အဆိုပါကတ်ထူ ပုံးများအတွင်းမှ စိတ်ကြွဆေးပြား ၁၇၀၀၀၀ ကိုတွေ့ရှိသိမ်းဆည်းခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါအမျိုးသမီးသည် မြန်မာနိုင်ငံ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဒေသ ဘုရားသုံးဆူတွင်နေထိုင်နေသူဖြစ်ပြီး ယခင်ကလည်း ၎င်းသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ မူးယစ်ဆေးဝါးများတင်ပို့ခဲ့ဖူးကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ထိုင်းရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ မြန်မာအမျိုးသမီးသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ မူးယစ်ဆေးဝါးများ သုံးကြိမ်တိုင်တင်ပို့ခဲ့ဖူးကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။
ထိုင်းရဲတပ်ဖွဲ့သည် လက်ရှိအချိန်တွင် အသက် ၄၀ အရွယ်ရှိ မွန်အမျိုးသမီးကို ဆောင်ခလာဘူရီရဲစခန်းသို့ ထပ်မံလွှဲပြောင်းပေးကာ အသေးစိတ်စစ်ဆေးနေကြောင်းသိရသည်။
Ref mgronline