◾ ရုရှားပြည်သူ ၇၀ ရာခိုင်နှုန်းခန့်က သမ္မတပူတင်အားပြန်လည်အရွေးခံရရန်လိုလားဟု ဆန္ဒမဲစစ်တမ်း တစ်ခုက ဖော်ပြ
၂၆. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
ရုရှားနိုင်ငံတွင် ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်မှ မတ်လ ၁၇ ရက်အထိ ကျင်းပသွားမည့် သမ္မတရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်အရွေးခံရန် အမည်စာရင်းပေးထားသော ရွေးကောက်ပွဲဝင်သမ္မတလောင်း အရေအတွက်မှာ ၃၀ ဦးထက်ပင် ကျော်လွန်သွားပြီဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အယ်လ် လာ ပန်ဖီလိုဗာက ဒီဇင်ဘာ၂၆ ရက်က သတင်းစာရှင်းပွဲတစ်ခု၌ ပြောကြားခဲ့ကြောင်း သိရသည်။
အယ်လ်လာ ပန်ဖီလိုဗာက သမ္မတရွေးပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ၃၀ ကျော်ရှိလာ၍ လာမည့်သမ္မတလောင်းရွေးကောက်ပွဲက ပို၍အပြိုင်အဆိုင်ဖြစ်လာမည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။
၎င်းက “ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်တဲ့ သမ္မတလောင်း များလာတာနဲ့အမျှ သမ္မတလောင်းတွေအနေနဲ့ ပြိုင်ဆိုင်ရမယ့်သူတွေကလည်း ပိုများလာတယ်။ ရွေးကောက်ပွဲမဲဆွယ်မှုကလည်း ပိုလို့ အပြိုင်အဆိုင်ဖြစ်လာမှာပေါ့” ဟု ဆက်လက်ပြောကြားသွားခဲ့သည်။
ထို့ပြင် အယ်လ်လာက “ ရွေးကောက်ပွဲဝင်မယ့်သူတွေအနေနဲ့ အချိန်ကိုစီမံခန့်ခွဲပြီး ထိရောက်အောင်အသုံးချရမယ်။ မဲဆွယ်ပွဲတွေလည်း ထိရောက်အောင်ကျင်းပရမယ်။ ပါတီတွေကလည်း ညီလာခံတွေကျင်းပရမယ်။ ကျွန်မရဲ့ အယူအဆအရတော့ ပြိုင်ဆိုင်မှုအဆင့်က ယှဉ်ပြိုင်မယ့်သူ အရေအတွက်အပေါ် သိပ်ပြီးမူမတည်ပါဘူး။ သူတို့ရဲ့အရည်အသွေးပေါ်မှာသာတည်ပါတယ်” ဟုပြောသွားခဲ့သေးသည်။
Russian Levada Center က မကြာမီက ပြုလုပ်ခဲ့သော ၂၀၂၄ ခုနှစ်ရုရှားနိုင်ငံ၏သမ္မတရွေးကောက်ပွဲဆိုင်ရာစစ်တမ်းတစ်ခုအရ ရုရှားပြည်သူ ၆၈ ရာခိုင်နှုန်းက လက်ရှိသမ္မတပူတင်ကို လာမည့်ရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံရရန် လိုလားကြကြောင်းလည်း သိရသည်။ ပူတင်ကို သမ္မတအဖြစ် ပြန်လည်အရွေးခံရစေရန် လိုလားသူများ၏အများစုက အသက် ၅၅ နှစ်နှင့်အထက် ရုရှားပြည်သူများဖြစ်ကြောင်းလည်းတွေ့ရသည်ဟုဆိုသည်။
Ref- Tass.com, Yahoo news