၁၉. ၁၂. ၂၀၂၃
Written by Ye Kyaw
ယခုနွေစပါးစိုက်ရာသီတွင် ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းများအတွက် စက်သုံးဆီအခက်အခဲ မဖြစ်ပေါ်စေရန် စပါးစိုက်တစ်ဧလျှင် ဒီဇယ် ၄ ဂါလန်နှုန်း ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ယနေ့ ထုတ်ပြန်ထားသည်။
လက်ရှိတွင် စက်သုံးဆီ ရောင်းချနိုင်ရေးအတွက် မြေပြင်စာရင်းကောက်ခံခြင်းများကို ဆောင်ရွက်နေပြီး ရောင်းချပေးမည့် အစီအစဉ်များနှင့် ဈေးနှုန်းသတ်မှတ်မှုများကိုမူ လာမည့်ရက်ပိုင်းအတွင်း သိရှိရမည်ဖြစ်ကြောင်း သိရသည်။
“မနေ့ကမှ လှမ်းပြောထားတာ။ အဲဒီလို လိုအပ်တဲ့ တောင်သူစာရင်းလေးတွေ ကောက်ပေးပါဆိုပြီး လှမ်းပြောတာ။ ဈေးနှုန်းကတော့ ဘယ်လောက်နဲ့လဲဆိုတာ မသိသေးဘူး။ ရောင်းချပေးမဲ့ အစီအစဉ်ကိုတော့ နောက် နှစ်ရက်၊ သုံးရက်လောက်မှ သိရမယ်။ အခုမှ စာရင်းတောင်းတုန်းလေ။ ဘယ်လိုပုံစံ၊ ဘယ်ဈေးတွေဆိုတာ အဲဒီမှပဲ သိမယ်” ဟု ပဲခူးတိုင်းဒေသကြီး၊ သာယာတီမြို့မှ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ အလုပ် အမှုဆောင် ဦးထွန်းလင်းအောင်က MT News သို့ ပြောသည်။
ယခု နွေစပါးစိုက်ရာသီတွင် ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းများအတွက် စက်သုံးဆီဝယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းအနေဖြင့် The Perpetual Company Limited (TPC) ကုမ္ပဏီနှင့် ပူးပေါင်း၍ ရေကျနောက်စိုက်နှင့် နွေစပါးစိုက်တောင်သူများအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
လိုအပ်သော စက်သုံးဆီဒီဇယ်ဆီများအား အမှန်တကယ် နွေစပါးစိုက်ပျိုးသော ဧကအလိုက် တစ်ဧကလျှင် ၄ ဂါလန်နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်သဖြင့် မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်း၏ အလုပ် အမှုဆောင်များထံ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း အသိပေး ကြေညာထားသည်။