၁၉. ၁၂. ၂၀၂၃
Written by Pan Ei
ဟောလိဝုဒ်လောကမှာ အလျင်မြန်ဆုံး ကျော်ကြားခဲ့တဲ့ ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်တဲ့ မင်းသား ဂျော်နသန် မေဂျာစ် ဟာ အိမ်တွင်းအကြမ်းဖက်မှုမှာ အပြစ်ရှိကြောင်း နယူးယောက်က တရားသူကြီးတွေက တနင်္လာနေ့က ချမှတ်ခဲ့တာကြောင့် Marvel Studio က သူ့ကို အနာဂတ်ပရောဂျက်တွေကနေ ထုတ်ပယ်လိုက်ပြီလို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၃၃ နှစ်အရွယ် ဂျော်နသန် မေဂျာစ်ကို နယူးယောက်မှာ အခုနှစ်မတ်လက စတင် ဖမ်းဆီးထိန်းသိမ်းခဲ့ကာ စစ်ဆေးခဲ့တာဖြစ်ပြီး မနေ့က တရားသူကြီးတွေက အပြစ်ရှိကြောင်း ချမှတ်ခဲ့တာဖြစ်သလို ကားနောက်ခန်းထဲမှာ ရည်းစားဟောင်းဖြစ်သူကို တိုက်ခိုက်ခဲ့တဲ့ ပြစ်မှုတွေအပါအဝင် လာမယ့်နှစ် ဖေဖော်ဝါရီ ၆ ရက်မှာ ပြစ်မှုနှစ်ခုအတွက် စီရင်ချက်ချဖို့ စီစဉ်ထားပြီး သူဟာ ရာဇ၀တ်မှုနှစ်ခုအတွက် ထောင်ဒဏ် တစ်နှစ်အထိ ကျခံရနိုင်ပေမဲ့ အဲ့ဒီပြစ်ဒဏ်ဟာ ပထမအကြိမ်ကျူးလွန်သူအတွက် မဖြစ်နိုင်ဘူးလို့ သိရပါတယ်။
မင်းသား ဂျော်နသန် မေဂျာစ် ဟာ အခုနှစ်ထဲမှာ ထွက်ရှိခဲ့တဲ့ “Ant-Man and the Wasp: Quantumania” မှာ Kang the Conqueror လို့လူသိများတဲ့ ဗီလိန်နေရာကို သရုပ်ဖော်ခဲ့ပြီး ၂၀၂၆ ခုနှစ်မှာ ထွက်ရှိမယ့် “Avengers: The Kang Dynasty” မှာ သူဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်သရုပ်ဆောင်ဖို့ စီစဉ်ထားတာပါ။
ဒါပေမဲ့ ခုလို သတင်းတွေထွက်ရှိအပြီးမှာ Avengers: The Kang Dynasty ကို ခေါင်းစဉ်အသစ်တစ်ခု မဆုံးဖြတ်မချင်း လောလောဆယ်မှာ ရိုးရိုး Avengers 5 လို့သာ ပြောင်းလဲထားတယ်လို့ သိရပြီး သရုပ်ဆောင်အနေနဲ့လည်း ဘယ်လိုအပြောင်းအလဲတွေ လုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။
Ref; abc news