၁၈. ၁၂. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံရှိ အိမ်ထောင်စုရာခိုင်နှုန်း အတော်များများသည် အစားအစာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး စားနပ်ရိက္ခာ ဖူလုံမှုနှင့် အာဟာရပြည့်ဝမှုယိုယွင်းလာခြင်းကို ကြုံတွေ့နေရသည်ဟု ကမ္ဘာ့ဘဏ်၏ Myanmar: Compounding Food Security Challenges အစီရင်ခံစာတွင် ဖော်ပြထားသည်။
သယ်ယူပို့ဆောင်ရေး အခက်အခဲများ၊ အစားအစာရရှိနိုင်မှု၊ ဝယ်ယူသုံးစွဲနိုင်မှု၊ ကုန်စည်ပို့ဆောင်ရေး အခက်အခဲများနှင့် ကုန်စည်ပြတ်လပ်မှုများကြောင့် အခြေခံစားသောက်ကုန်များများ ရရှိနိုင်မှုအခက်အခဲများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ကမ္ဘာ့ဘဏ်၏အစီရင်ခံစာတွင် ဖော်ပြထားသည်။
အဆိုပါ စိန်ခေါ်မှုများသာမက ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်းနှင့် လယ်ယာမှ ဝင်ငွေကျဆင်းလာခြင်းတို့ကြောင့် အစားအသောက် ကုန်ကျစရိတ်ခြိုးခြံချွေတာရခြင်း၊ အကြိမ်ရေ လျှော့စားရခြင်းတို့အပါအဝင် အမျိုးမျိုးသော ဖြေရှင်းသည့်နည်းလမ်းများ အသုံးပြုလာကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။
ထို့အတူ ကျေးလက်ဒေသများတွင် အာဟာရပြည့်ဝသောအစားအစာများစားသုံးမှုနှင့် အစားအစာအမျိုးအစား စုံလင်စွာ စားသောက်မှုလျှော့ကျလာခြင်းကလည်း အစာအာဟာရမပြည့်ဝမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာစေခဲ့ကြောင်း၊ ပဋိပက္ခဒဏ်သင့်ဒေသများတွင် အပြင်မထွက်ရအမိန့်များ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲများ၊ လုံခြုံရေး အခြေအနေဆိုးရွားလာမှုနှင့် ရာဇဝတ်မှုများ မြင့်တက်လာခြင်းကလည်း စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုမိုကြီးမားလာစေခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဖော်ပြထားသည်။
အဆိုပါအခက်အခဲများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် အာဟာရဆိုင်ရာဗဟုသုတများ၊ အိမ်တွင်း သီးပင်စားပင်နှင့် ဥယျာဉ်ခြံမြေ စိုက်ပျိုးခြင်းများနှင့် အသေးစားမွေးမြူရေးလုပ်ငန်းများအတွက် နည်းပညာပံ့ပိုးမှုများလည်း လိုအပ်ကြောင်း ဒီဇင်ဘာလအစောပိုင်းက ထုတ်ပြန်ခဲ့သည့် ကမ္ဘာဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
Ref: world bank