၁၆. ၁၂. ၂၀၂၃
Written by Nay Moe
ဗိုလ်တထောင်၊ ဒေါပုံ၊ တာမွေ စတဲ့ ရန်ကုန်မြို့နယ် ၉ နေရာကို ဒီဇင်ဘာ ၁၅ ရက်ညမှာ PDF တွေက ဗုံးလိုက်ခွဲခဲ့ပြီး ဒီလိုဖောက်ခွဲတိုက်ခိုက်မှုတွေမှာ သာမန်လက်လုပ်လက်စားပြည်သူတွေ ဗုံးစထိမှန်ဒဏ်ရာရခဲ့သလို တစ်ဦးသေဆုံးတဲ့အပြင် ဗုံးခွဲတဲ့ PDF တွေလည်း လက်ထဲတင်ဗုံးကွဲလို့ ထိခိုက်မှုတွေရှိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁၅ ရက်ညမှာ ပေါက်ကွဲမှုဖြစ်ပွားတဲ့မြို့နယ်တွေက ဗိုလ်တထောင်၊ ဒလ၊ အလုံ၊ ဒေါပုံ၊ မင်္ဂလာဒုံ၊ တာမွေ၊ တောင်ဒဂုံမြို့နယ်တွေက ကိုးနေရာဖြစ်ပြီး ဒီဖြစ်စဥ်မှာ သာမန်ပြည်သူ ၁၀ ဦးဒဏ်ရာရ၊ တစ်ဦးသေဆုံးပြီး PDF သုံးဦးဖမ်းမိတယ်လို့လည်း ကနဦး သိရပါတယ်။
ဗိုလ်တထောင်မြို့နယ်မှာ (၆) ရပ်ကွက်၊ ကုန်သည်လမ်းပေါ်က မြို့နယ်တရားရုံးရှေ့မှာ ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီခန့်က လမ်းဘေးစည်ပင် အမှိုက်ပုံးအတွင်းကပေါက်ကွဲခဲ့တာဖြစ်ပြီး စည်ပင်ဝန်ထမ်းတွေ အမှိုက်သိမ်းချိန်ပေါက်ကွဲခဲ့တဲ့အတွက် စည်ပင်လုပ်သား ကိုကျော်မောင်နဲ့ မောင်ဇော်တို့တွင် ရင်ဘတ်၊ လက်၊ ခြေထောက် ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) တွေရခဲ့လို့ ရန်ကုန်အရှေ့ပိုင်းခရိုင်ပြည်သူ့ဆေးရုံမှာ ကုသပေးနေရပါတယ်။
ဒေါပုံမြို့ နယ်၊ ကြည်စုရပ်ကွက်၊ သမ္မာစိတ္တ (၁) လမ်းမှာ ဒီဇင်ဘာ ၁၅ ရက် ၆ နာရီ ၅၀ မိနစ်အချိန်က လမ်းဘေးမှပေါက်ကွဲမှုမှာ လမ်းလျှောက်လာတဲ့ ကျပမ်းလုပ်သား ကိုလမင်းနဲ့ ကိုဝင်းမြင့်အောင်တို့ လက်နဲ့ပေါင် စုတ်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။
တာမွေမြို့နယ်မှာဆို ၁၅၄ လမ်းနဲ့ ၁၅၅ လမ်းကြား စိန်အပေါင်ဆိုင်ရှေ့မှာ လက်လုပ်ဗုံးပေါက်လို့ အထည်ရောင်းသူတစ်ဦး ယာလက်ဝါး၊ ယားလက်မောင်း၊ ဝဲခြေသလုံး ပြတ်ရှဒဏ်ရာတွေနဲ့ မျက်နှာခဲစထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းက ဆောက်လုပ်ဆဲ Best Western ဟိုတယ်အတွင်းမှာလည်း ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန်မှာ ဟိုတယ်အတွင်းက Bluetooth Speaker အတွင်းကနေ ပေါက်ကွဲတာကြောင့် ကိုရဲမင်းနိုင် (လုံခြုံရေးဝန်ထမ်း) မှာ ဗုံးစထိမှန် (စိုးရိမ်ရ)၊ မတင်မိုးဝင်းမှာ ခြေထောက်နဲ့ တင်ပါးပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ)၊ ညစောင့် ကိုသူရအေးမှာ ယာခြေထောက်နဲ့ နဖူးပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)၊ လုံခြုံရေးဝန်ထမ်းတွေဖြစ်တဲ့ ကိုစိုးဝင်းနိုင်နဲ့ ကိုစိုးလွင်ဦးမှာ ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ) တွေရခဲ့ပြီး ကိုရဲမင်းနိုင်ကတော့ ဆေးရုံတင်ပို့ကုသချိန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒလမြို့နယ်မှာလည်း ဗိုလ်ရန်ပြေရပ်ကွက်က မင်းရဲကျော်စွာလမ်းနားက ဘုန်းတော်ကြီးကျောင်းတစ်ခုဘေးမှာ ည ၇ နာရီ ၁၀ မိနစ်အချိန်က လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့သလို တာဝန်ရှိသူတွေသွားရောက်စစ်ဆေးချိန်မှာ ပေါက်ကွဲမှုနဲ့ ကိုက် ၁၀၀ ခန့်အကွာ၊ လမ်းညာဘက်ဘေးမှာ Blurtooth Speaker နဲ့ ဗုံးထောင်ထားလို့ အဲဒီ Bluetooth Speaker ဗုံးကို သက်မဲ့ပြုလုပ်ဖျက်ဆီးခဲ့ရသလို တောင်ဒဂုံ ၁၇ ရပ်ကွက်မှာလည်း အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးလမ်းလျှောက်လာချိန် Bluetooth Speaker တစ်လုံးကို သီချင်းဖွင့်လျက်သားတွေ့တာကြောင့် ကောက်ယူရာမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ကောက်ယူသူလူငယ်မှာ တစ်ကိုယ်လုံးဗုံးစထိမှန်ပြီး စိုးရိမ်ရဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
မင်္ဂလာဒုံမြို့နယ်၊ ပုလဲ (၃) ရပ်ကွက်မှာလည်း ည ၇ နာရီ ၁၅ မိနစ်ခန့်က လက်ဖက်ရည်ဆိုင်တစ်ခုရှေ့မှာ စက်ဘီးစီးလာတဲ့ PDF နှစ်ဦးထံက ဗုံးပေါက်လို့ လက်လုပ်ဗုံးသယ်လာတဲ့ PDF နှစ်ယောက်ကို စိုးရိမ်ရဒဏ်ရာတွေနဲ့ ဖမ်းမိခဲ့သလို မင်္ဂလာဒုံ၊ သင်္ဃန်းကျွန်းကြီးရပ်ကွက်၊ ကာယ (၉/ခ)လမ်းမှာလည်း ည ၇ နာရီခွဲခန့်အချိန်မှာ အမှတ် (၃) လမ်းမကြီးကဝင်လာတဲ့ ဆိုင်ကယ်တစ်စီးက ဗုံးပေါက်လို့ ဆိုင်ကယ်စီးလာတဲ့ PDF တစ်ယောက်ကို စိုးရိမ်ရဒဏ်ရာတွေနဲ့ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်တွေမှာ ထိခိုက်သူ ပြည်သူတွေကို လက်ရှိအချိန်မှာ ဆေးရုံတင်ပို့ကုသထားသလို စိုးရိမ်ရဒဏ်ရာရသူတွေ ထပ်မံသေဆုံးတယ်လို့လည်း ကြားသိရတဲ့အပြင် ဖမ်းမိထားတဲ့ PDF တွေကို ဆက်လက်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။ ဒီဇင်ဘာ ၁၅ ရက်ညမှာ ပြည်သူကြားဖောက်ခွဲတာတွေနဲ့ပတ်သက်လို့ အရင် ကျုးလွန်နေကြ Dark Shadow၊ Yangon Army၊ အနောက်ပိုင်းခရိုင်ပကဖ၊ ရန်ကုန်တိုင်းစစ်ဒေသခွဲတပ်ရင်း ၅၁၀၁ တို့က အရင်လို ထုတ်ပြန်မှုပြုလုပ်တာမတွေ့ရသလို ဘယ် PDF အဖွဲ့ကမှလည်း ခါတိုင်းလို ဝန်ခံချက်ထုတ်ပြန်တာ၊ ဖြေရှင်းတာမျိုးမရှိတာကို တွေ့ရပါတယ်။