၁၆. ၁၂. ၂၀၂၃
Written by Pan Ei
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ၂၀၂၄ ခုနှစ်မှာ မြန်မာ နိုင်ငံက လူပေါင်း ၅ ဒသမ ၃ သန်းအတွက် အစားအစာ၊ ရေ၊ အမိုးအကာ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အကာအကွယ်ပေးရေး အကူအညီတွေ ပံ့ပိုးပေးဖို့နဲ့ ခုလိုမျိုး လူမှုကယ်ဆယ်ရေးနဲ့ လူမှုရေးပြောင်းလဲမှုအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၇ ရက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် လက်ရှိမှာ လူပေါင်း ၅၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ UNOCHA က ကြေညာထားပြီး နေရပ်ပြန်သူတွေနဲ့ ထပ်ခါတလဲလဲ တိမ်းရှောင်နေရတဲ့ လူအရေအတွက်ဟာ မတည်ငြိမ်သလို ဆက်သွယ်ရေး အခက်အခဲတွေကြောင့် အဆိုပါ လူအရေအတွက်တွေကို အတည်ပြုဖို့ မလွယ်ကူကြောင်း UNOCHA က ကြေညာခဲ့ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် လူပေါင်း လူဦးရေ ၅၇၈,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အခုလအစပိုင်းမှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်းနဲ့ ကရင်ပြည်နယ်တို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက် အခက်အခဲတွေ ထပ်မံ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်လို့ UNOCHA ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ကုလသမဂ္ဂ (UN) နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ အထူးသဖြင့် တရုတ်-မြန်မာ နယ်စပ်ဒေသတွေက ထိခိုက်ခံစားရသူတွေကို ကူညီနိုင်အောင် နည်းလမ်းရှာဖွေဖို့ ကြိုးပမ်းလျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO)တွေနဲ့ PDF တို့ပါဝင်တဲ့ နိုင်ငံအနှံ့အပြားက လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် နိုင်ငံအနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ဘက်ရှိ မြို့နယ်တွေမှာ အရပ်သားတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး သေဆုံးခဲ့ရတာတွေလည်း ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့အတွင်း စစ်ပွဲကြောင့် အိုးအိမ်မဲ့ ဒုက္ခသည် ၅၀,၀၀၀ ခန့်မှာ အကူအညီ အနည်းငယ်သာ ရရှိပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက ညှိနှိုင်း ကူညီဆောင်ရွက်ပေးလျက် ရှိတယ်လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရင်ဆိုင်နေရတဲ့ မြို့နယ်တွေမှာ အဓိက သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ထားပြီး ယာဉ်ကြော ကန့်သတ်ချက်တွေက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ သွားလာခွင့်ကို အနှောင့်အယှက် ဖြစ်စေပြီး အကူအညီပေးရေး ဝန်ထမ်းတွေအတွက် ဘေးကင်းရေး ပြဿနာတွေလည်း ရှိနေကြောင်းပါရှိပါတယ်။ ဒါ့အပြင် လောင်စာဆီအကျပ်အတည်း၊ ဆိုးရွားတဲ့ဘဏ်လုပ်ငန်းပြဿနာတွေနဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာတာကလည်း အကူအညီပေးရေး လုပ်ငန်းစဉ်တွေကို ပိုမိုရှုပ်ထွေးစေတယ်လို့ UNOCHA က ကြေညာခဲ့ပါတယ်။
Ref; The Nation