၁၆. ၁၂. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံ၏ လက်ရှိပြဿနာများသည် ပြည်တွင်းရေးကိစ္စများသာဖြစ်ကြောင်း၊ အခက်အခဲပြဿနာများကို ဖြေရှင်းရေးအဓိကသော့ချက်က မြန်မာပြည်သူများ၏လက်ထဲတွင်သာရှိနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထုတ်ဖော်ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များနှင့်တွေ့ဆုံပြီး တရုတ်နိုင်ငံနှင့် အာဆီယံကြား ဆက်ဆံရေးအပြင် မြန်မာနိုင်ငံမြောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ခဲ့သော သက်ဆိုင်ရာအဖွဲ့အစည်းများကြား ယာယီအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ပဋိပက္ခများဖြေရှင်းရေးသည် မြန်မာနိုင်ငံရှိအဖွဲ့အစည်းအားလုံး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုရှိနေပြီး တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက်လည်း အကျိုးကျေးဇူးဖြစ်စေမည်ဖြစ်ကြောင်း ဝမ်ယိက ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပြဿနာများကို ဖြေရှင်းနိုင်ရေး ကူညီပေးနိုင်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များကလည်း ၎င်းတို့နိုင်ငံအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးများအတွက် တရုတ်နိုင်ငံက ကူညီထောက်ပံ့ပေးခြင်းများကို ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံနှင့် အပြန်အ လှန်ဆက်ဆံမှုများ ပိုမိုကောင်းမွန်ရန် လုပ်ဆောင်သွားရေး ဆန္ဒရှိနေကြကြောင်း ပြောသည်။ တရုတ်နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ကြီး၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများထဲတွင် ရေရှည် ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံအဖြစ် ဆက်လက်ရှိနေသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံမြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်လာခဲ့ပြီးနောက် နိုင်ငံတဝှမ်းတွင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၅ သိန်းကျော်ရှိလာခဲ့သလို တရုတ်နှင့် မြန်မာနိုင်ငံကြား ချိတ်ဆက်ထားသည့်လမ်းများ ပိတ်ဆို့ကာ နယ်စပ်ကုန်သွယ်ရေးများအခက်အခဲဖြစ်ခဲ့ရကြောင်း သိရသည်။
Ref CGTN