၁၃. ၁၂. ၂၀၂၃
Written by Nay Moe
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၊ မော်လူးမြို့ကို ABSDF အမှတ်(၁) စစ်ကြောင်း ၊ KIA ၊ PDF၊ ပကဖတွေ၊ ပလဖတွေ ပူးပေါင်းထားတဲ့ တပ်ပေါင်းစုက ဒီဇင်ဘာလ ၁၃ ရက် မနက် ၂ နာရီ ဝန်းကျင်ကစတင်တိုက်ခိုက်ခဲ့ပြီး သိမ်းဆည်းရရှိခဲ့တယ်လို့ ABSDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအချိန် ၄ နာရီ ဝန်းကျင်ကြာခဲ့ပြီး နံနက် ၆ နာရီဝန်းကျင်မှာ မော်လူးမြို့ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့လည်း ABSDF က ပြောပြီး လက်ရှိ အနေအထားအရ သိမ်းဆည်းမှုတွေ စီစစ်နေသလို လေကြောင်းတိုက်ခိုက်မှုလည်း ကြုံနေရပြီလို့ သိရပါတယ်။
KIA ရဲ့ ထိန်းချုပ်မှုနဲ့ စစ်ကိုင်းတိုင်းမှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ NUG ရဲ့ PDF တပ်ပေါင်းစုဟာ ကောလင်း၊ ရွှေပြည်အေး၊ ခါမ်းပတ်မြို့တွေ သိမ်းထားပြီလို့ ထုတ်ပြန်ထားလို့ မော်လူးကိုသာ တကယ်ထိန်းချုပ်သွားရင် စစ်ကိုင်းတိုင်းအတွင်း KIA နဲ့ NUG ထိန်းချုပ်နိုင်တဲ့လေးခုမြောက်မြို့ဖြစ်လာမှာဖြစ်ပါတယ်။
ကောလင်းမြို့ကို သိမ်းစဥ်က KIA နဲ့ NUG တို့ဟာ အစိုးရဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေဖောက်ပြီး ကျပ် ၄၅ ဘီလျံလောက်သိမ်းယူခဲ့ပေမဲ့ ရွှေပြည်အေးနဲ့ခါမ်းပါတ်မှာတော့ ဘယ်လောက်ဖောက်လို့ရခဲ့တယ်ကြေညာမထားပါဘူး။ လက်ရှိမှာလည်း မော်လူးမြို့က လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးအောက် သေဆုံးတယ်ဆိုပြီး သတင်းထွက်ပေမဲ့အတည်ပြုထုတ်ပြန်မှုတွေတော့ မရှိသေးပါဘူး။
မော်လူးဟာ ၂၀၁၈ ကမှ ကျေးရွာငါးရွာကိုစုပေါင်းပြီး မြို့အဖြစ်ပြောင်းပေးထားတဲ့ မြို့ငယ်တစ်မြို့ဖြစ်ပြီး အမြင့်ဆုံးအဖြစ် ရဲစခန်းသာရှိတဲ့မြို့သေးသေးလေးဖြစ်လို့ KIA နဲ့ PDF တွေ အင်အားအလွန်အကျွံသုံးပြီး ဝင်စီးလို့ မြို့ကိုလတ်တလောထိန်းချုပ်ထားတယ်ဆိုတာက မှန်ကန်တယ်လို့လည်း လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက ကနဦးသိရပါတယ်။