၁၂. ၁၂. ၂၀၂၃
Written By Thandar
သီဟမင်းညီ ဗီဒီယိုထုတ်လုပ်ရေးက ရိုက်ကူးမယ့် “ အာဂမင်းခေါင်” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနားကို ဒီဇင်ဘာ ၁၂ရက် နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကျိုက္ကဆံစေတီတော်မှာ ကျင်းပခဲ့ပါတယ်။
“လူစွမ်းကောင်းထဲက လူစွမ်းကောင်းတစ်ယောက် ဇာတ်လမ်းပုံစံမျိုးပါ၊ ခုနှစ်ရက်သားသမီးကို ကယ်တင်တဲ့ ဇာတ်ကောင်ပုံစံမျိုးပါ။ ဂမ္ဘီရဘသိုက်တို့လို ၊ အောင်မြတ်သာ တို့လို ဇာတ်လမ်းပုံစံမျိုးနဲ့ မတူပါဘူး။ ဂမ္ဘီရဘ သိုက်၊ အောင်မြတ်သာရဲ့ ဇာတ်လမ်းပုံစံက တစ်မျိုး၊ အာဂမင်းခေါင်ရဲ့ ဇာတ်လမ်းပုံစံက တစ်မျိုးပါ။ အာဂမင်းခေါင်ကလည်း ဥပမာ ပြောရရင် နိုင်ငံခြား Marvel ကားလိုမျိုး Hero တစ်ဦးစီ ရှိသလိုမျိုးပဲ။ ကျွန်တော်တို့ဆီမှာလည်း ဒီလိုမျိုးဇာတ်လမ်းပုံစံ လူစွမ်းကောင်းတွေ အများကြီးပါ”လို့ သရုပ်ဆောင် စစ်နိုင်က MTNews Entertainment ကို ပြောပါတယ်။
ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဖိုးကျော် (သန်လျင်)က ရေးသားပြီး ဒါရိုက်တာ သီဟမင်းညီက သရုပ်ဆောင် စစ်နိုင်နဲ့အတူ သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးမယ့် အပိုင်း ၂၀ စာ အာဂမင်းခေါင် ဇာတ်လမ်းတွဲကို လာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလပိုင်းမှာ စတင် ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
သရုပ်ဆောင် စစ်နိုင်ကတော့ အနုပညာသက်တမ်း ၁၅ နှစ်ကျော်မှာ အောင်မြတ်သာ ဇာတ်လမ်းတွဲနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့တာလည်းဖြစ်ပါတယ်။ အောင်မြတ်သာ ဇာတ်လမ်းတွဲကိုတော့ လွန်ခဲ့တဲ့ လေးနှစ်ကျော်ကာလက ရိုက်ကူးခဲ့ပြီး စစ်နိုင်ဘဝရဲ့ ပထမဆုံး ဇာတ်လမ်းတွဲ တစ်ခုဖြစ်ကာ အခက်အခဲပေါင်းများစွာ ပေးဆပ်မှုပေါင်းများစွာရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အောင်မြတ်သာ ကာရိုက်တာရဲ့ သရုပ်ဆောင် စစ်နိုင် နေရာမှာ သရုပ်ဆောင် ထွန်းကိုကို ကို အစားထိုးပြီး ပြောင်းလဲ ရိုက်ကူးမယ်လို့ သိရပါတယ်။
“ကျွန်တော့် အနေနဲ့ နောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေမှာ ပရိသတ်မြင်တွေ့နေကျ မဟုတ်တဲ့ ဇာတ်ရုပ်တွေ ဇာတ်လမ်း ဇာတ်အိမ်ကောင်းတဲ့ ရိုက်ပြသွားမှာပါ။ အောင်မြတ်သာ ဇာတ်လမ်းပုံစံမျိုး တွေ့ရှိရတော့မှာ မဟုတ်ဘဲ အခြားသော ဇာတ်ကောင်ကာရိုက်တာတွေနဲ့ ပရိသတ်ရှေ့ကို ပြန်လာပါဦးမယ်”လို့ သူက ဆက်ပြောပါတယ်။