၁၁. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရဲ့ လူသွားလူလာများတဲ့ နယ်မြေအတွင်းမှာ ရဲတပ်ဖွဲ့က ပုံမှန်ကင်းလှည့်မှုတွေပြုလုပ်နေသော်လည်း ထိုနယ်မြေအတွင်းရှိလမ်းလျှောက်သွားလာသူများတဲ့လမ်းတစ်ခုပေါ်ကဆေးခြောက် အရောင်းဆိုင်တစ်ခုမှာတော့ လူကိုရယ်မောစေတဲ့ ဓာတ်ငွေ့တွေကို ဥပဒေနဲ့မညီ ခင်းကျင်းရောင်းချနေတာကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၀ ရက်ညမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ပင်လယ်ကမ်းခြေရှိ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်ရာ ပတ္တရားမြို့အတွင်း ခရီးသွားတွေ များပြားတဲ့ လမ်းတစ်ခုပေါ်မှာ ဆေးခြောက်ထုတ်လုပ်ပစ္စည်းတွေကို ဥပဒေခွင့်ပြုချက်နဲ့အညီရောင်းချနေတဲ့ အဆိုပါဆိုင်မှာ လူကိုရယ်မောစေတဲ့ နိုက်တြပ်စ်အောက်ဆိုက် (Nitrous Oxide) တွေဖြည့်ထားတဲ့ မိုးပျံဘောလုံးတွေကိုပါ ရောင်းချနေခြင်းဖြစ်ပါတယ်။
စစ်ဆေးချက်တွေအရ ဆိုင်ဝန်ထမ်းတွေက အဆိုပါ ဘောလုံးတွေကို ထိုင်းနိုင်ငံသားတွေရော၊ ကမ္ဘာလှည့် ခရီးသွားတွေကိုပါ ရောင်းချနေတယ်ဆိုတာ သိခဲ့ရပါတယ်။ ဆိုင်ရှေ့မှာဆိုရင် ‘မိုးပျံပူဖောင်း ၁၀ ခုဝယ်၊ နှစ်ခု အခမဲ့ပေးမည်၊ ဘီယာတစ်ခွက်လက်ဆောင်ပေးမည်’ လို့ပါ ရေးထားတာတွေ့ရပါတယ်။
လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားအချို့ကလည်း ဆိုင်အတွင်း အဆိုပါ ဓာတ်ငွေ့ကိုရှုရှိုက်နေ ကြပြီး တချို့ဆိုရင် လမ်းပေါ်မှာအသုံးပြုဖို့ ဝယ်ယူကြတာ တွေ့ရပါတယ်။ အချို့ခရီးသွားတွေက ပူဖောင်း တွေကို အနီးရှိအရက်ဆိုင်တွေကို သယ်သွားဖို့ကြိုးစားကြပေမယ့်လုံခြုံရေးအစောင့်တွေက ခွင့်မပြုဘဲ တားဆီးကြတယ်လို့ သိရပါတယ်။
နိုက်တြပ်စ်အောက်ဆိုဒ်ရောင်းချမှုက ထိုင်းနိုင်ငံမှာ တရားဥပဒေနဲ့မညီဘဲ ၁၉၆၇ ခုနှစ်၊ ဆေးဘက်ဆိုင်ရာ အက်ဥပဒေအရ တားမြစ်ထားပါတယ်။ အကယ်၍ ရောင်းချမှုပြုခဲ့ရင် ဥပဒေချိုးဖောက်သူကို ထောင်ဒဏ်ငါးနှစ်နဲ့ ငွေဒဏ် ဘတ် ၁၀,၀၀၀ အထိ ချမှတ်နိုင်ပါတယ်။
နိုက်တြပ်စ်အောက်ဆိုဒ်က အချို့သော ဆေးဘက်ဆိုင်ရာနဲ့ သွားဘက်ဆိုင်ရာကုသမှုတချို့မှာ စိတ်ငြိမ် ဆေးအဖြစ်သုံးကြပါတယ်။ သူ့ကိုအသုံးပြုမိရင်ဝမ်းသာပျော်ရွှင်မှုအာရုံကိုဖြစ်စေပြီး မကြာခဏဆိုသလို နောက်ဆက်တွဲ တခစ်ခစ်ရယ်မောစေနိုင်တာမို့ ‘ရယ်ရွှင်စေနိုင်တဲ့ဓာတ်ငွေ့’ လိုတောင် အမည်ပေးခေါ်ဝေါ် ကြပါတယ်။
ဒါပေမယ့် နိုက်တြပ်စ်အောက်ဆိုဒ်အသုံးပြုမှု လွန်ကဲလာရင် ဘေးထွက်ဆိုးကျိုးများစွာဖြစ်စေနိုင်ပြီး အောက်ဆီဂျင်လုံလောက်အောင်ရှုရှိုက်မှုမပြုနိုင်၍ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။ အခုအခါမှာ အဆိုပါနိုက်တြပ်စ်အောက်ဆိုဒ်ကို ထိုင်းနိုင်ငံတင်မက ဗီယက်နမ်နဲ့ လာအိုတို့လိုနိုင်ငံတွေမှာလည်း ရောင်းချနေတာ တွေ့နေရပါတယ်။
Ref———Nation Thailand