၁၁. ၁၂. ၂၀၂၃
Written by Hey Mar
ဆီဆိုင်အနီး ဆီတန်းဆီနေတဲ့ ကား၊ ဆိုင်ကယ်တွေကြောင့် လမ်းကြောကြပ်နေချိန် အရှိန်နဲ့ မောင်းနှင်လာတဲ့ ဆိုင်ကယ်က လမ်းဖြတ်ကူးသူ အမျိုးသမီးကြီးကို ဖြတ်တိုက်တာကြောင့် အတိုက်ခံရသူရော တိုက်သူဆိုင်ကယ်သမားပါ သေဆုံးခဲ့တဲ့ဖြစ်စဥ် စစ်ကိုင်းမြို့မှာ ဒီနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်အရ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ ဒေါ်လာဆီဆိုင် အနီးကနေ လမ်းဖြတ်ကူးသူ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးကို ဆိုင်ကယ်စီးလာတဲ့ အသက် ၄၀ ခန့်အရွယ် ကိုအောင်မျိုးထက်က ဝင်တိုက်မိခဲ့တာပါ။ တိုက်မိတဲ့အရှိန်ကြောင့် အမျိုးသမီးဟာ လွင့်စင်ပြီး မျက်နှာနဲ့ မြေပြင်ပေါ် မှောက်လျက်ပြန်ကျကာ နေရာတင်သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးထံကနေ သိရပါတယ်။
မြေပြင် ကူညီမှုတွေ သွားရောက်ကူညီလုပ်ဆောင်ပေးခဲ့တဲ့ အိုးဘို လူမှုကူညီရေးအသင်း တာဝန်ရှိသူက “တိုက်တဲ့ အရှိန် အတော်ပြင်းပုံရတယ်။ အတိုက်ခံရသူက ဒေါ်တောက် နန်းဦးသစ် ဘက်ကလို့ သိရပါပြီ။ သူက နေရာတင်ဆုံးတာပါ။ တိုက်တဲ့ ဆိုင်ကယ်သမားကတော့ ဆေးရုံ ပြင်ပလူနာဌာနပေါ်ရောက်မှ ဆုံးပါတယ်”လို့ MT News ကို ပြောပါတယ်။