၈. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
အီရန်နိုင်ငံသမ္မတ အီဘရာဟင် ရေဆီ၏ ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီ မာပူတင်နှင့် ဒီဇင်ဘာ ၇ ရက်တွင် တွေ့ဆုံခဲ့ရာ၌ ဂါဇာဒေသအနေဖြင့် လူမျိုးတုံးသ-ဖြ-မှုကို ရင်ဆိုင်နေရသကဲ့သို့ဖြစ်နေကြောင်းနှင့် အစ္စရေးတို့၏ ဂါဇာဒေသအတွင်းတိုက်ခိုက်မှုကို ရှုတ်ချပါကြောင်း ပြောခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသအတွင်း ငြိမ်းချမ်းရေးရရှိရန် ကြားဝင်ဖျန်ဖြေသူအဖြစ်ဆောင်ရွက်မှုကို မြှင့်တင်သည့်အနေဖြင့် သမ္မတ ပူတင်က ယူအေအီးနှင်ဆော်ဒီအာရေဗျ နိုင်ငံများသို့ သွားရောက်ခဲ့ပြီးနောက် အီရန်သမ္မတအား ဆက်လက်၍ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
သမ္မတပူတင်ကလည်း ဂါဇာဒေသစစ်ပွဲက အမေရိကန်၏ သံခင်းတမန်ခင်းကျရှုံးမှုကို ဖော်ပြသကဲ့သို့ရှိစေကြောင်းနှင့် ရုရှားအစိုးရအနေဖြင့် ဆယ်စုနှစ်ပေါင်းများစွာကြာနေပြီဖြစ်သော အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ တွင် ကြားဝင်ဖျန်ဖြေသူအဖြစ် ပါဝင်လာနိုင်ကြောင်းလည်း ပြောခဲ့သည်။
အီရန်သမ္မတရေဆီအား ကရင်မလင်နန်းတော်၌ ကြိုဆိုခဲ့ရာ၌ ရုရှားသမ္မတ ပူတင်က အရှေ့အလယ်ပိုင်းဒေသအခြေအနေကို ဆွေးနွေးကြရာတွင် အထူးအဖြင့် ပါလက်စတိုင်းနယ်မြေများနှင့်ပတ်သက်၍ဆွေးနွေးရန်အရေးကြီးကြောင်းလည်း ပြောခဲ့သည်။
ရေဆီက “ပါလက်စတိုင်းတွေနဲ့ ဂါဇာဒေသမှာ အမှန်တကယ် တွေ့ကြုံနေရတာက မျိုးတုံးသတ်ဖြတ်မှုနဲ့လူသားချင်းစာနာမှုမရှိတဲ့ ရာဇဝတ်မှုတွေပါ။ ဒါက ဒေသဆိုင်ရာ ကိစ္စတောင်မဟုတ်ဘူး။ လူသားမျိုးနွယ် တစ်ခုလုံးနဲ့ဆိုင်ပါတယ်။ အဖြေကိုအမြန်ရှာနိုင်ဖို့ အရေးကြီးပါတယ်” ဟု ပြန်လည်ပြောကြားခဲ့သည်။
အီရန်အစိုးရက ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်ခဲ့သော ဟားမားစ်အုပ်စုအား ထောက်ခံသူဖြစ်သည်။ ရုရှား က အရှေ့အလယ်ပိုင်းတွင် အစ္စရေးနှင့် ဟားမားစ်အပါအဝင် အဓိကကျသည့် နိုင်ငံအဖွဲ့အစည်းအားလုံးနှင့်အဆက်အသွယ်ရှိသည်။ သို့သော် အောက်တိုဘာလအတွင်း ဟားမားစ်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို မော်စကိုတွင် ရုရှားအစိုးရကတွေ့ဆုံခဲ့၍ အစ္စရေးက မကျေမနပ်ဖြစ်ခဲ့သည်။
အချို့သော အကဲဖြတ်များက ဂါဇာစစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံများအနေနှင့် အာရုံစိုက်မှုက ယူကရိန်းစစ်ပွဲမှသည်ပြောင်းရွှေ့သွားကြ၍ ရုရှားအတွက် အကျိုးအမြတ်ရှိကြောင်းနှင့် ရုရှားအစိုးရအနေဖြင့်လည်း ပါလက်စတိုင်းတို့နှင့် သွေးစည်းညီညွတ်မှုဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများစွာကို မဟာမိတ်များအဖြစ် ပေါင်းစည်းနိုင်ခဲ့ကြောင်း ပြောကြားကြသည်။
Ref——Al Jazeera