၈. ၁၂. ၂၀၂၃
Written by Hey Mar
နာရေးအိမ်မှာ စကားများရန်ဖြစ်ရာက ဓားထိုးမှုဖြစ်ပွားပြီး အသက် ၃၀ ကျော်အမျိုးသားတစ်ဦး နေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဥ် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကြွယ်ဂံကျေးရွာမှာ မနေ့က ဒီဇင်ဘာ ၇ ရက် ည သန်းခေါင်အချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပရဟိတ အသင်းကနေ သိရပါတယ်။
ဖြစ်စဥ်အရ ကိုကျော်ရဲ အသက်(၃၃)နှစ်နဲ့ ကိုဝင်းစန်း ဆိုသူ တစ်ရွာတည်းသားခြင်း အချင်းများရန်ဖြစ်ရာမှ ကိုဝင်းစန်းက ဓားနဲ့ထိုးတာကြောင့် ကိုကျော်ရဲမှာ ဘယ်ဘက်ရင်အုံ ထိုးသွင်းဒဏ်ရာတစ်ချက် ရရှိကာ နေရာတင်သေဆုံးခဲ့တာလို့ သိရပါတယ်။
ရင်ခုန်သံရှင်သံရေး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “သေသူက တရားခံပြေးတစ်ယောက်လို့ သိရတယ်။ဖြစ်တာက နာရေးအိမ်မှာဆိုတော့ ဖဲဝိုင်းပဲထင်ရတာပဲ။ထိုးတဲ့သူက ညက ရှောင်နေပေမယ့် အခုမနက်ကိုယ်တိုင် အဖမ်းခံတယ်”လို့ ရုပ်အလောင်းသွားရောက်သယ်ဆောင်ပေးရင်း မျက်မြင်အခြေအနေကို ပြောပြပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်အပြီးမှာတော့ ရုပ်အလောင်းကို ရင်ခုန်သံ ရှင်/ကူအသင်းက အုတ်တွင်းဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။