၇. ၁၂. ၂၀၂၃
Written by Nay Moe
မန္တလေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ပထမဦးဆုံး အပြန်အလှန်ပစ်ခတ်ပြီး စီးနင်းဖမ်းဆီးရမိခဲ့သည့် နေအိမ်ရှေ့၌ SAC အစိုးရအား ဆန့်ကျင်သောစာသားများ ယနေ့မနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း မြို့ခံသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ အမျိုးသားနေ့ (ဒီဇင်ဘာ ၇ ရက်) မနက် ၇ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၄ လမ်း၊ ၁၁၁(E)နှင့် ၁၁၁(F)လမ်းကြားရှိ အကြမ်းဖက်မှုဖြင့် ချိပ်ပိတ်သိမ်းဆည်းထားရှိသော နှစ်ထပ်တိုက်ရှေ့တွင် အလျား ၄ ပေ၊ အနံ ၃ ပေခန့်ရှိ အဖြူရောင်ပိတ်စပေါ် အနီရောင်ဖြင့် “အမေ့လျော့ခံ သူရဲကောင်းများတွက် ဆက်လက်တိုက်ပွဲဝင်စို့”စာသားအား လမ်းဘေးခင်းထားပြီး အနီးတွင်လည်း စာရွက်အပိုင်းများဖြင့် ရေးသားဖြန့်ကြဲထားသည့် စာသားများတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအနီးတွင် တွေ့ရှိခဲ့သောစာသားများမှာ “တော်လှန်ပုန်ကန်လူထုအသံ ရွှေပြည်စိုးမည့်မန္တလေး”၊ “သမိုင်းပြောင်သည့်အမျိုးသားနေ့ တို့များဘယ်မနေ့”၊ “ဘူးဆိုဖရုံမသီး တော်လှန်စည်ကြီးဆက်ကာတီး”၊ “စနစ်ဆိုးထဲက ကုန်စျေးနှုန်းလူထုအားနဲ့ဆက်ကာရုန်း”၊ “အကျဥ်းကျနိုင်ငံမှာ အလံနီဟာနယ်မြေတိုင်းစိုက်ထူရွက်လွှင့်ရမည်” အစရှိသည့် စာတန်းများ ဖြစ်သည်။
ယင်းစာသားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လာရောက်သိမ်းဆည်းသွားကြပြီး လာရောက်ထားသွားသူများကို လိုက်လံရှာဖွေစုံစမ်းနေကြောင်းလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ထိုတွေ့ရှိခဲ့သည့် နေအိမ်သည် ၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းဖြစ်ပြီးနောက် မန္တလေးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့ဝင်များ ပထမဦးဆုံးအပြန်အလှန်ပစ်ခတ်ပြီး PDF အဖွဲ့ဝင်များ အများအပြားကို စီးနင်းဖမ်းဆီးခဲ့သည့် နေအိမ်ဖြစ်ကာ ယနေ့ပြုလုပ်ခဲ့ခြင်းသည် မန္တလေးသပိတ်အင်အားစုမှ အမျိုးသားနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့ ဝါဒဖြန့်သည့် Telegram ချန်နယ်မှာ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
ထို့ပြင် မန္တလေးမြို့ဝင်ဆိုင်းဘုတ်များတွင်လည်း အဖြူရောင်ပိတ်စပေါ်တွင် အနီရောင်ဖြင့် ရေးသားထားသည့် “တော်လှန်ပုန်ကန်လူထုအသံ ရွှေပြည်စိုးမည့်မန္တလေး”စာသားကို ကိုင်ဆောင်ကာ မျက်နှာမပါဝင်သည့် ပုံများကိုပါ လူမှုကွန်ရက်စာမျက်နှာပေါ်တွေ့ရှိရသော်လည်း မြေပြင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ မည့်သည့်အရာကိုမျှ မတွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။