၅. ၁၂. ၂၀၂၃
Written by Naing Thuta
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပတ္တာကျေးရွာရှိ A-1 ရေသန့်စက်ရုံ Level 2 အဆင့် မီးလောင်ကျွမ်းမှု ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ ကနဦးသိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပတ္တာကျေးရွာရှိ A-1 ရေသန့်စက်ရုံတွင် ယနေ့ (ဒီဇင်ဘာ ၅ ရက်)နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က မီးစတင်လောင်ကျွမ်းခဲ့ရာ မီးလောင်ရာနေရာသို့ လယ်ဝေးမြို့နယ်မီးသတ်စခန်း၊ ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်း၊ ပျဥ်းမနားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဥ်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလူမှုညီရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် မနက် ၁၀ နာရီ ၅၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၁ နာရီတွင် မီးလုံးဝငြိမ်းသွားကြောင်း ကနဦးသိရှိရသည်။
အဆိုပါမီးစတင်လောင်ကျွမ်းချိန်တွင် Level 1 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်နေရာမှ ၁၀ နာရီ ၂၅ မိနစ်တွင် Level 2 ယာဉ်အုပ်စုများဖြင့် ငြှိမ်းခဲ့ရပြီး မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးနေကြကြောင်း လယ်ဝေးမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးပြောပြချက်အရ သိရသည်။