၅. ၁၂. ၂၀၂၃
Written by Ye Kyaw
ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုလျော့ကျနေသဖြင့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် တန်ချိန် ၂၀၀,၀၀၀ စီ တင်ပို့ရန် ဆောင်ရွက်ခဲ့သော်လည်း နှစ်လဆက်တိုက် မျှော်မှန်းပမာဏများ ပြည့်မီအောင် မတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သန်း တင်ပို့နိုင်ရန် မျှော်မှန်းခဲ့သော်လည်း ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ ဘဏ္ဍာနှစ် ခြောက်လအတွင်း ဆန်နှင့်ဆန်ကွဲ တန်ချိန် ၄၆၄,၀၀၀ ကျော်သာ တင်ပို့နိုင်ခဲ့၍ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် တစ်လလျှင် တန်ချိန် ၂၀၀,၀၀၀ စီဖြင့် သုံးလအတွင်း တန်ချိန် ၆၀၀,၀၀၀ တင်ပို့နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ဆောင်ရွက်ခဲ့သော်လည်း အောက်တိုဘာလတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၂၀,၀၀၀ နီးပါးသာ တင်ပို့နိုင်ခဲ့သည့်အပြင် နိုဝင်ဘာလတွင်လည်း ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၇၅,၉၉၀ တန်သာ တင်ပို့နိုင်ခဲ့သဖြင့် နှစ်လဆက်တိုက် မျှော်မှန်းထားသည့် ပမာဏအတိုင်း မတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် နိုဝင်ဘာလအတွင်း တင်ပို့မှုပမာဏသည် ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း အများဆုံးတင်ပို့ထားနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် ရှစ်လအတွင်း မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၇၅၉,၆၇၃ တန် တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၃၆၁ သန်းရရှိထားပြီး ယခင်နှစ်များထက် ဆန်နှင့်ဆန်ကွဲတင်ပို့မှု ရာခိုင်နှုန်း ၅၀ ခန့် လျော့ကျနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။