၅. ၁၂. ၂၀၂၃
Written by Nay Moe
စိတ်ကျန်းမာရေးဝေဒနာခံစားနေရသော အသက် ၂၀ အရွယ်အမျိုးသမီးငယ်တစ်ဦး လမ်းလျှောက်ထွက်ရင်း ရပ်ကွက်အတွင်းရှိ ရေတွင်းထဲခုန်သေဆုံးမှု အမရပူရမြို့နယ်တွင် ယနေ့နံနက်အရုဏ်တက်ချိန်က ဖြစ်ပွားခဲ့ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာ ၅ ရက်)နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ဝါးတန်းမြောက်ရပ်(ဒေသအခေါ်)တွင် နေထိုင်သည့် စိတ်ကျန်းမာရေးဝေဒနာခံစားနေရသော အသက် ၂၀ အရွယ်အမျိုးသမီးငယ်တစ်ဦးသည် လမ်း လျှောက်ထွက်ရင်း ရပ်ကွက်အတွင်းရှိ ရေတွင်းထဲခုန်ချသွားသောကြောင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)ထံသို့ ရပ်ကွက်နေပြည်သူတစ်ဦးက ဖုန်းဆက်အကြောင်းကြားကာ အကူအညီတောင်းခံလာသောကြောင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ သွားရောက်ခဲ့ပြီး ဆယ်တင်ပေးခဲ့ချိန် အသက်မရှိတော့ဘဲ သေဆုံးနေသဖြင့် ရုပ်အလောင်းအား မေတ္တာမြင့်မိုရ်အသင်း လူနာတင်ယာဉ်ဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ တာဝန်ရှိသူတစ်ဦးပြောပြချက်အရ သိရသည်။
“အဲ့ဒီကလေးမက စိတ်ကျန်းမာရေးချို့တဲ့နေပြီး မနက်တိုင်း လမ်းထလျှောက်တက်တယ်။ အရင်နေ့တွေ့ကလည်း ဒီလိုပဲ သွားနေတတ်တော့ သူ့အိမ်ကလူတွေက မလိုက်ကြဘူးလေ။ ဒီနေ့မှ စိတ်ဖောက်ပြန်ပြီးတော့ ခုန်ချသွားတာဖြစ်မယ်။ သူ့ကံလို့ပဲဆိုရမှာပေါ့။ သူများတွေလို သွပ်သွပ်ခါအောင် စိတ်အခြေအနေဖြစ်နေတာမဟုတ်ဘူး။ သူခုန်ချချခြင်း လမ်းသွားလမ်းလာသူတွေက မြင်လို့ ကယ်ဆယ်ရေးကို ချက်ချင်းဖုန်းဆက်အကြာင်းကြားလိုက်တာ။ ဒါပေမဲ့ ကလေးမလေးကတော့ အသက်မရှိတော့ပါဘူး”ဟု သေဆုံးသူနှင့် ရင်းနှီးသူတစ်ဦးက ဆိုသည်။
ဓာတ်ပုံ-မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)