၄. ၁၁. ၂၀၂၃
Written by Min Mahar
နွားကျောင်းနေသောအမျိုးသားတစ်ဦး နွားကျောင်းနေစဉ်အတွင်း မိုင်းတစ်လုံးနင်းမိကာ ပေါက်ကွဲမှုဖြစ်ပြီး ဘယ်ခြေကျင်းဝတ်ပြတ်ထွက်သွားသည့် ဒဏ်ရာရရှိမှု ကျောက်ကြီးမြို့နယ်တွင် ယမန်နေ့ မနက်ပိုင်းခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာ ၃ ရက်) မနက် ၁၀ နာရီ ၂၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ လပတ်ကျေးရွာတွင် နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးသည် ကျေးရွာအနီးရှိ လပတ်ချောင်းတွင် နွားကျောင်းနေစဉ်အတွင်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့များထောင်ထားသည့် နင်းမိုင်းတစ်လုံးကို နင်းမိသွားသည့်အတွက် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ထိုမိုင်းနင်းမိသောကြောင့် ၎င်းအမျိုးသားသည် ဝဲဘက်ခြေကျင်းဝတ်ပြတ်ထွက်သွားသည့်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိသွားသဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ကျောက်ကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း ဒဏ်ရာရရှိသူနှင့် တစ်ရွာတည်းနေသူတစ်ဦး ပြောပြချက်အရ သိရသည်။
အဆိုပါမိုင်းနင်းမိပြီး ဒဏ်ရာရရှိသွားသည့် အမျိုးသားသည် ကျောက်ကြီးမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်၍ ဆေးကုသမူခံယူနေပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ဆေးရုံသို့ သွားရောက်၍စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ၎င်းမိုင်းထောင်သွားသည့်သူကို နယ်မြေခံရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေး လိုက်လံစုံစမ်းနေကြကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။