၅. ၁၂. ၂၀၂၃
Written by Ye Kyaw
ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ဆီပြတ်နေသည်ဆိုသော အကြောင်းပြချက်ဖြင့် ဆီရောင်းပေးခြင်းမရှိကြောင်းနှင့် ယခင်ကဲ့သို့ တန်းစီကာပင် ဝယ်ယူ၍မရကြောင်း သိရသည်။
“ဆီကမရှိဘူးကွ။ ဆိုင်တော်တော်များများမှာတော့ မရှိတော့ဘူး။ ဝင်လို့တောင်မရဘူး။ ဆီဈေးကတော့ ဒီဈေးပဲ မပြောင်းဘူး။ အရင်က တန်းစီလို့ရသေးတယ်။ အခုက တန်းစီလို့တောင်မရဘူး။ ဝယ်မလို့ ဆီဆိုင်ထဲဝင်လိုက်လို့ရှိရင် အဲဒီထဲက ကောင်လေးတွေက လက်ခါပြတာ ဝင်လို့တောင်မရဘူး” ဟု တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်နေ တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်းရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင်မူ စက်သုံးဆီဈေးနှုန်း အားလုံးကို ဈေးနှုန်းဖွင့်လှစ်ထားခြင်းမရှိဘဲ ဓာတ်ဆီ ၉၂ ဈေးနှုန်းတစ်ခုတည်းသာ ဈေးနှုန်းဖော်ပြထားပြီး အခြေခံလူတန်းစားများနေထိုင်သည့် မြို့နယ်အချို့ရှိ ဆီအရောင်းဆိုင်များတွင် ဆိုင်ကယ်ဘေးတွဲများ ဆီထည့်ရန် စောင့်ဆိုင်းနေရသည့်အခြေအနေများ ဖြစ်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းမှ စတင်ပြီး ရန်ကုန်မြို့တွင်းရှိ ဆီဆိုင်အချို့ ဆီပုံမှန်အတိုင်း ရောင်းချခြင်းမရှိဘဲ ကားတစ်စီးလျှင် ကျပ် ၂၀,၀၀၀ ဖိုးသာ ရောင်းချပေးခဲ့၍ နိုဝင်ဘာ ၁၁ ရက်တွင် ဆီဝယ်ယူမည့်မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူခဲ့ရသည့် ဖြစ်စဉ်များလည်း ဖြစ်ခဲ့ဖူးသည်။
နိုဝင်ဘာ ၁၅ ရက်တွင် ဆီရှိလျက်ဖြင့် ဆီမရောင်းသည့် စက်သုံးဆီအရောင်းဆိုင်များကို အရေးယူမည်ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ဆောင်ရွက်ခဲ့သည့် စက်သုံးဆီအရောင်း ၃ ဆိုင်ကိုလည်း အရေးယူထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ပြီးနောက် ပုံမှန်အတိုင်း ဆီပြန်လည်ဝယ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ဒီဇင်ဘာ ၅ ရက်မှစတင်၍ စက်မှုဇုန်များကို နိုင်ငံတော်အစီအစဉ်အဖြင့် စက်သုံးဆီများ မရောင်းတော့ကြောင်း သတင်းများထွက်ပေါ်ပြီးနောက် ဒီဇင်ဘာ ၁ ရက်တွင် ဓာတ်ဆီ ၉၂ နှင့် ဓာတ်ဆီ ၉၅ ဈေးနှုန်းများ တစ်ရက်အတွင်း တစ်လီတာလျှင် ကျပ် ၃၄၀ အထိ မြင့်တက်ခဲ့ပြီးနောက် စက်သုံးဆီအရောင်းဆိုင်များက ဆီမရောင်းပေးသည့် အခြေအနေများ ထပ်မံဖြစ်ပေါ်လာခြင်းဖြစ်သည်။
ဒီဇင်ဘာ ၅ ရက် ယနေ့တွင် ပြည်တွင်း စက်သုံးဆီဈေးနှုန်းမျာသည် ဓာတ်ဆီ ၉၂ တစ်လီတာ ၂၅၁၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၂၆၄၀ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၂၂၁၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂၃၀၅ ကျပ် ဖြစ်ပေါ်လျက်ရှိသည်။
ပုံစာ – ယနေ့ နံနက်ပိုင်းတွင် စက်သုံးဆီဈေးနှုန်းဖွင့်ထားခြင်း မရှိသည့် ဆီဆိုင်အချို့ကို တွေ့ရစဉ်