၄. ၁၂. ၂၀၂၃
Written by Nay Moe
မူဆယ်မြို့ရဲ့ အထင်ကရ ရပ်တော်မူဘုရားနဲ့ မိဂဒါမဟာစေတီကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ MNDAA၊ AA နဲ့ TNLA တို့က Drone နဲ့ Drops Bomb ချ တိုက်ခိုက်ခဲ့တာကြောင့် ပျက်စီး ထိခိုက်မှုများပြားခဲ့တယ်လို့ ဒေသခံတွေ ပြောဆိုမှုအရ ကနဦးသိရပါတယ်။
ဒီတိုက်ခိုက်မှုကို ၁၀၂၇ စစ်ဆင်ရေးဆိုပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ MNDAA၊ AA နဲ့ TNLA တို့က ဒီမနက် ၉ နာရီကျော်မှာ Drone နဲ့ Drop Bomb အများအပြားချ တိုက်ခိုက်ခဲ့တာကြောင့် ရပ်တော်မူဘုရားရင်ပြင်၊ မိဂဒါမဟာစေတီရင်ပြင်နဲ့ အခြားနေရာအများစုမှာ ဗုံးတွေကျရောက်ပေါက်ကွဲခဲ့သလို ဆိုင်ကယ်နှစ်စီးလည်း မီးလောင်ပျက်စီးတဲ့အပြင် မိဂဒါမဟာစေတီမှာလည်း မှန်တွေကွဲတာ၊ ဘုရားရှင်ကို ကပ်လှုထားတဲ့ ပစ္စည်းတော်တော်များများလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွေက ပြောပါတယ်။
“လူထိခိုက်တာတော့ မရှိဘူး။ ဒီရပ်တော်မူဘုရားက မြို့အဝင်တောင်ပေါ်မှာ ရှိတာ။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က အဲဒီဘုရားပေါ်ကနေပြီး တပ်ကပစ်တယ်လို့ TNLA က ပြောထားပြီး အခု စစ်သားမရှိတဲ့အချိန်မှ ဘုရားကို ဗုံးလာကြဲတာ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက MT News ကို ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ၊ ဟိုမွန်ရပ်ကွက် ၊ လွယ်တိန်ခမ်းတောင်ပေါ်မှာရှိတဲ့ မဟာသန္တိသုခ ရပ်တော်မူဘုရားကြီးဟာ ဉာဏ်တော် ၈၂ ပေမြင့်ပြီး ပျားသုံးကြိမ်စွဲဖူးလို့ ပျားစွဲဘုရားလို့လည်းနာမည်ကျော်သလို သုဝဏ္ဏမိဂဒါမဟာစေတီအပါအဝင် သာသနာ့နယ်မြေ ဧက ၆၀ နီးပါးရှိတဲ့ မူဆယ်မြို့ရဲ့ အထင်ကရ သာသနာနယ်မြေတစ်ခုဖြစ်ပြီး လက်ရှိတိုက်ခိုက်ခံရတဲ့ သာသနာ့နယ်မြေက ထိခိုက်ပျက်စီးမှုတွေကိုတော့ တိုက်ပွဲတွေကြောင့် ပြင်ဆင်နိုင်ဖို့ မလွယ်ကူသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဟာ မူဆယ်မြို့ကို သိမ်းယူဖို့ ဦးတည်တိုက်ခိုက်နေတာ ရက်ပေါင်း ၂၀ လောက်ရှိနေပြီဖြစ်ပြီး ဒီလိုမျိုး တိုက်ခိုက်မှုတွေကြောင့် တရုတ်နိုင်ငံကတောင် ဟိုဘက်ဒီဘက်ပဲခြားတဲ့ ကျယ်ဂေါင်မြို့က သူ့ပြည်သူတွေကို ရွှေလီမြို့ဆီရွှေ့ထားပြီး ကျယ်ဂေါင်မြို့ကို နေ့လယ်နေ့ခင်းဘက် ခဏတဖြုတ်လာတာကလွဲရင် ညအိပ်ညနေ ခွင့်မပြုတဲ့အထိ တင်းကျပ်ထားသလို တရုတ်စစ်တပ်ကိုလည်း အရေးပေါ်အမြင့်ဆုံးအခြေအနေအထိ တပ်လှန့်ထားရပါတယ်။
ပုံစာ။ – လူမှုကွန်ရက်ပေါ် မူဆယ်ဒေသခံများ ဖော်ပြနေသော ရပ်တော်မူဘုရားအား မြောက်ပိုင်းလက်နက်ကိုင်များ ဗုံးကြဲတိုက်ခိုက်၍ ပျက်စီးမှုမြင်ကွင်း (Photo – Credit)