၄. ၁၂. ၂၀၂၃
Written by Nyein Kyaw
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဆိုင်ကယ်အရှိန်လွန်ပြီး ဓာတ်တိုင်ဝင်တိုက်သည့် အမျိုးသားတစ်ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး သေဆုံးသူ၏ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၄ ရက် ယနေ့ နံနက် ၉ နာရီတွင် တာချီလိတ်မြို့၊ မိုင်းဖုန်းခဝမ်အကျော် ဘုန်ကြီးကျောင်းအနီးတွင် ဆိုင်ကယ် ၁ စီး အရှိန်လွန်တိမ်းမှောက်ပြီး အမျိုးသား ၁ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးနေ၍ ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းသို့ ဆက်သွယ်လာ၍ သွားရောက်ကူညီပေးခဲ့ခြင်းဖြစ်သည်။
“သူက အရှိန်လွန်ပြီးတော့ မှောက်တာပေါ့နော်။ ဘေးကဓာတ်တိုင်ကို တိုက်မိတာပါ။ လောလောဆယ်တော့ ဆေးရုံရင်ခွဲရုံမှာ ထည့်ထားတယ်။ သေဆုံးသူရဲ့ မိသားစုကိုတော့ စုံစမ်းဆဲပါပဲခင်ဗျာ။ ကျွန်တော်တို့ကိုတော့ ဘာမှဆက်သွယ်လာတာလည်း မရှိသေးပါဘူး” ဟု ဦးလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။
ဆိုင်ကယ်မှောက်ကာ သေဆုံးခဲ့သည့် အမျိုးသားမှာ အသက် ၃၀ ဝန်းကျင်ရှိကြောင်းနှင့် သေဆုံးသူအမျိုးသား ရုပ်အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။