၄. ၁၂. ၂၀၂၃
Written By Thandar
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ ၁၆ ကြိမ်မြောက် Flower Wonderland ပန်းပွဲတော်ကို လာမယ့် ၂၀၂၃ ဒီဇင်ဘာ ၁၆ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
ပန်းပွဲတော်ကျင်းပနိုင်ဖို့ အတွက် ဒီဇင်ဘာ ၁ ရက် နေ့လယ်ပိုင်းက မန္တလေးတိုင်ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုကြတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ရောဂါ ကူးစက်မှု ပြဿနာတွေကြောင့် ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ကျင်းပမှုတွေကို ရပ်ဆိုင်းခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်ကနေ ၂၀၂၃ ဇန်နဝါရီ ၁၅ ရက်အထိ ၁၅ ကြိမ်မြောက်အဖြစ် ပြန်လည်ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါ ပန်းပွဲတော်ကို နှစ်စဉ် တစ်လကြာ ကျင်းပခဲ့တာဖြစ်ပြီး ပန်းပွဲတော်နဲ့အတူ နာမည်ကြီး အဆိုတော်တွေနဲ့ စတိတ်ရှိုးပွဲအပြင် ဈေးရောင်းပွဲတော်ကို တစ်ပါတည်း ထည့်သွင်းကျင်းပခဲ့ကြတာဖြစ်ပါတယ်။
ဒီနှစ် ပန်းပွဲတော်မှာ ဒေသပန်းမျိုးတွေ ပါဝင်ပြသမယ့် ဇုန်တစ်ဇုန်အပါအဝင် ပြကွက်ဇုန် ၈ ဇုန်၊ ပန်းအရေအတွက် ၂ သိန်းစီစဉ်ထားရှိပြီး ပန်းတွေကို အလှဆင် စိုက်ပျိုးပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။