၁. ၁၂. ၂၀၂၃
Written by Nyein Kyaw
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ နေရာ ၈ ခုကို KNU၊ PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့၍ ယနေ့ တစ်နေကုန်နီးပါး တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန်တွင် ချောင်းမြောင်းပစ်ခတ်မှုနှင့် အဝေးက ပစ်ခတ်မှုများသာရှိတော့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ကရင်ပြည်နယ်ဘက်မှာတော့ ဒီနေ့မှာ ကော့ကရိတ်မြို့ရဲ့ နေရာ ၈ နေရာကို KNU၊ PDF အကြမ်းဖက်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာရှိပါတယ်။ ဒီနေရာမှာတော့ တိုက်ပွဲတစ်နေကုန်နီးပါး ဖြစ်ပွားခဲ့ပါတယ်။ KNU၊ PDF အဖွဲ့က ကျဆုံးထိခိုက်ဒဏ်ရာရရှိမှု များပြားတယ်ဆိုတာ သိရပါတယ်။ ကော့ကရိတ်မြို့ရဲ့ အခြေအနေကတော့ အခုချိန်မှာ ချောင်းမြောင်းပစ်ခတ်တာ၊ အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးပဲရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ကော့ကရိတ်မြို့ရှိ ဝန်ထမ်းများ တစ်ပတ်အတွင်း ထွက်ခွာရန် KNU က နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ပြီးချိန်မှစ၍ မြို့ခံအများစုက ဖြစ်လာနိုင်သည့်စစ်ပွဲအတွက် တိမ်းရှောင်နေသူများရှိကြောင်း၊ KNU နှင့် PDF များသည် ကော့ကရိတ်မြို့ကို သုံးကြိမ်ထက်မနည်း မြိုသိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့သော်လည်း လက်ရှိအချိန်အထိ အောင်မြင်ခြင်းမရှိဘဲ မြို့သိမ်းတိုက်ပွဲဆင်နွှဲတိုင်း အကျအဆုံးများစွာနှင့် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ယနေ့တွင် ထိတွေ့တိုက်ပွဲများအနေဖြင့် ရှမ်းပြည်နယ်မြောက်တွင် လောက်ကိုင်မြို့ကို MNDAA အနေဖြင့် ရှော့တိုက်ဒုံးများနှင့် ပစ်ခတ်ခဲ့ခြင်း၊ ကယားပြည်နယ်တွင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို လာရောက်ပစ်ခတ်ခြင်းနှင့် Drop Bomb ချ တိုက်ခိုက်ခြင်းတို့အပြင် ရခိုင်ပြည်နယ်တွင် ထရွန်အိုင်စခန်းကို Drop Bomb များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။