၂. ၁၂. ၂၀၂၃
Written By Thandar
အလှူအတန်းတွေ စဥ်ဆက်မပြတ်လှူဒါန်းနေတဲ့ မင်းသားအကယ်ဒမီ ခန့်စည်သူတော့ ပဲခူးတိုင်းဒေသကြီး ရွှေ တောင်မြို့ ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင် စေတီတော်မြတ်ကြီး ဝတ္တကမြေအတွင်းရှိ ရတနာဂီရိနတ်ရေကန်တော်ကြီး ရေစက်ချအလှူနဲ့ ရင်ပြင်တော်တိုးချဲ့ တည်ဆောက်ဖို့အတွက် အလှူငွေ ကျပ် ၁၂၁ သိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“ရွှေတောင်မြို့မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် ရွှေနတ်တောင် ရတနာဂီရိနတ်ရေကန်တော်ကြီး ပြန်လည်ဆယ်ဖို့ရေစက်ချလှုဒါန်းခဲ့တာပါ။ ဒီရေကန်ကြီးကိုလည်း နှစ်တွေကြာပြီဆိုတော့လေ။ ရှေးမူမပျက်အောင် သေသေ ချာချာ ကန်ဆယ် ၊ ကန်မြှင့်ပြီးတော့ ဘက်စုံကောင်းအောင်တည်ဆောက်ပြီး လှူဒါန်းခဲ့တာပါ။ နောက် ကထိန်ရာသီကာလဖြစ်တဲ့အတွက် ဆရာတော်တွေကို ကထိန် သင်္ကန်းကပ်လှူသလို ဆန် ၊ ဆီ စတာတွေကိုလည်း နဝကမ္မ လှူဖြစ်တယ်။ ရွှေနတ်တောင်စေတီတော်မြတ်ကြီးရဲ့ ရင်ပြင်တော်တိုးချဲ့ တည်ဆောက်ဖို့အတွက်လည်း အလှူငွေ ကျပ်သိန်း ၁၂၁ သိန်းလှူဒါန်းခဲ့ပါတယ်”လို့ အကယ်ဒမီ ခန့်စည်သူက MTNews Entertainment ကို ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ ကန်ဆယ်၊ ကန်မြှင့် ဘက်စုံတည်ဆောက်ပြီးစီးခြင်း ရေစက်ချမင်္ဂလာ၊ စေတီတော်ကြီးရဲ့ ဩဝါဒါစရိယ၊ မြို့နယ်သံဃနာယက ဆရာတော် ဘဒ္ဒန္တ သံဝရ အမှူးထားပြီး ပင့်သံဃာ ၁၅ ပါး ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သလို သရုပ်ဆောင် ဆောင်းယွန်းစံ ၊ အဆိုတော် အိအိချွန် ၊ အဆိုတော် မေ့ချစ်သက် ၊ သရုပ်ဆောင် ဒေါက်တာ အောင်ကျော်မိုး စတဲ့ အနုပညာရှင် အလှူရှင်တွေအပြင် စေတနာရှင်တွေကလည်း ပါဝင်လှူဒါန်းခဲ့ကြပါတယ်။
ဒါ့အပြင် ကံကြီး သာသနာ့ဗိမာန် ကျောင်းတိုက် ပဓာနနာယက ဆရာတော် အမှူးထားပြီး သံဃာတော် အရှင်သူမြတ်တွေကို ဆန်၊ ဆီ၊ ဆေး၊ ဆား ပစ္စည်း(၄)ပါး၊ နဝကမ္မအဖြစ် အလှူတော်ငွေတို့ကို ဆက်ကပ်လှူဒါန်းတာ၊ ဗိုလ်ရုံကျောင်း၊ မဟာစည်ကျောင်း၊ အမ္ဗာရာမကျောင်းနဲ့ ကံကြီးကျောင်းတိုက်တို့မှာရှိတဲ့ သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီး၊ ဆရာလေးတွေကို ဆွမ်းဆန်စိမ်းနဲ့ ဒါတဗ္ဗဝတ္ထု အစုစုတို့ကို လောင်းလှူခဲ့ပါတယ်။ လက်ရှိ ရွှေနတ်တောင်စေတီတော်မြတ်ကြီးရဲ့ ရင်ပြင်တော်တိုးချဲ့ တည်ဆောက်ဖို့ အတွက် အလှူငွေ ကျပ် (၁၂၁) သိန်းတို့ကို နိဗ္ဗာန်ရည်မှန်း စုပေါင်း လှူဒါန်းခဲ့ကြပါတယ်။