၂. ၁၂. ၂၀၂၃
Translated by Htwe Ko Tun
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့်ဟားမားစ်တို့အကြား ခုနှစ်ရက်ကြာ ယာယီအပစ်အခတ်ရပ်စဲမှုက ဒီဇင်ဘာ ၁ ရက်နံနက်တွင် ကုန်ဆုံးခဲ့ပြီးနောက် ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင်မူ အစ္စရေးတပ်ဖွဲ့များက ဂါဇာဒေသအတွင်း ဟားမားစ်နှင့် အခြားအကြမ်းဖက်အဖွဲ့များကို ညလုံးပေါက်စစ်ဆင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရပြီး သတင်းစာများက ဂါဇာဒေသ၏တောင်ပိုင်းတွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေကြောင်းလည်း ဖော်ပြခဲ့ကြသည်။
ထောက်လှမ်းရေးသတင်းများအရ ဟားမားစ် ခေါင်းဆောင်ပိုင်းအချို့မှာ ဂါဇာတောင်ပိုင်း၊ ခန်းယူနီးစ်မြို့အတွင်း ရှိနေကြသေးသည်ဟုသိရပြီးနောက် ထိုမြို့ပတ်ဝန်းကျင်တစ်ဝိုက်တွင် ကျယ်ပြန့်သော မြေပြင်တိုက်ခိုက်မှုများကို အစ္စရေးတပ်ဖွဲ့များကပြုလုပ်ခဲ့ကြောင်းညသိရသည်။ အစ္စရေးစစ်ဖက်ရေဒီယိုကလည်း ဂါဇာဒေသမြောက်ပိုင်းရှိ ဂါဇာမြို့နှင့် ဘိတ်လာဟီယာမြို့တို့တွင် စစ်ဆင်ရေးများပြုလုပ်နေကြောင်းကြေညာခဲ့သည်။
ထို့ပြင် အစောပိုင်းကလည်း ဂါဇာတောင်ပိုင်းတွင် ခန်းယူနီးစ်မြို့နှင့် ရာဖာမြို့များသို့ အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ခန်းယူနီးစ်မြို့ပေါ်သို့ အစ္စရေးလေတပ်က မြို့နေပြည်သူများ တောင်ဘက်ရာဖာမြို့သို့ ပြောင်းရွှေ့ကြရန် သတိပေးစာများ ကြဲချခဲ့ကြောင်းလည်း သိရသည်။
အစ္စရေးစစ်ဖက်က“ဂါဇာဒေသနေပြည်သူတွေက ကျွန်တော်တို့ရန်သူတွေလည်းမဟုတ်ပါဘူး။ ဒါကြောင့် အစ္စရေးတပ်ဖွဲ့အနေနဲ့ ဒီမနက်ထိ ဂါဇာဒေသအတွင်း ထိန်းချုပ်ပြီးခဲ့တဲ့နေရာတွေမှာ ဒေသခံပါလက်စတိုင်းပြည်သူတွေကို တိုက်ခိုက်မှု တွေက ကင်းလွတ်ရာကို ရွှေ့ပြောင်းပေးနေပါတယ်” ဟု ပြောခဲ့သည်။
Ref—-The Times of Israel