၂. ၁၂. ၂၀၂၃
Written By Thandar
သရုပ်ဆောင် လောကထဲကတစ်ဆင့် ဂီတပိုင်းကို လျှောက်လှမ်းလာခဲ့တဲ့ မင်းသမီး ဖူးပွင့်သခင် ကတော့ “အချစ်ခံကြည့်” Music Video သီချင်းသစ်လေးကို မမနဲ့မောင်လေး တကယ်အချစ်ခံကြည့်ချင်တဲ့ပုံစံ ဖန်တီးထားတယ်လို့ ပြောပါတယ်။
“ဖူးပွင့်ရဲ့ ဒုတိယ ဖန်းတီးထားတဲ့ အချစ်ခံကြည့် သီချင်းသစ်လေးပါ။ ပထမ သီချင်းလေးက သူငယ်ချင်းတွေ အပျော်ပုံစံလေးပေါ့။ ဖူးပွင့်ရဲ့ သီချင်းလေးကို မင်းသားနဲ့ သရုပ်ဆောင်တာ ပထမဦးဆုံးပါပဲ။ သီချင်းလေးကလည်း မမနဲ့ မောင်လေးပုံစံလေး သီဆိုထားပါတယ်။ တကယ်ကို အချစ်ခံကြည့်ချင်တဲ့ ပုံစံမျိုးလေး ဖန်တီးထားပါတယ်။ ပရိသတ်တွေ ရသတစ်မျိုးခံစားရအောင် ဖူးပွင့် အကောင်းဆုံး ရိုက်ကူးထားပါတယ်။ ပရိသတ်တွေ ပိုစတာကြည့်ပြီး စိတ်ဝင်စားကြလို့လည်း ပီတိဖြစ်ရပါတယ်။ သီချင်းလေး ထွက်လာရင်လည်း အားပေးဝန်းရံကြပါလို့ ဖူးပြောချင်ပါတယ်” လို့ သရုပ်ဆောင် ဖူးပွင့်သခင်က ပြောပါတယ်။
ဒီသီချင်းကို တေးရေး မင်းစည်သူ ရေးသားဖော်ကျူးထားတဲ့ Pop Music ပုံစံလေး ဖန်တီးထားပြီး ဒါရိုက်တာ Kina က သရုပ်ဆောင် ဗညားဘုန်းပြည့်နဲ့အတူ ဖူးပွင့်သခင်က သရုပ်ဆောင်ထားကြတာဖြစ်ပြီး TBoy (B+) ရဲ့ Studio & Mixing က တီးခတ်ပေးထားတာလည်း ဖြစ်ပါတယ်။ ဖူးဖွင့်သခင်ရဲ့ “အချိန်ကုန်မခံနဲ့” ပထမဦးဆုံး Music Video ကတော့ အောက်တိုဘာလက ထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။
“အနုပညာ သရုပ်ဆောင်ပိုင်းကဆိုတော့ အဆိုပိုင်းမှာလည်း အားနည်းချက်တချို့တော့ ရှိမှာပါ။ ဂီတနဲ့ ပတ်သက်ရင် ဖူးပွင့်ကို ဝေဖန်ပါ။ ဝေဖန်မှလည်း ပိုတိုးတက်မှုရှိတာဆိုတော့လေ။ တတ်နိုင်သလောက် သီချင်းလေးတွေ ကြိုးစားဖန်တီးနေပါတယ်။ ခုချိန် သီချင်းထုတ်တာ အမြတ်အစွန်းပြန်ရလို့တော့ မဟုတ်ပါဘူး။ ပရိသတ်ဆီက မေတ္တာလိုချင်လို့ သီချင်းတွေဖန်တီးဖြစ်တာပါ။ အနုပညာနဲ့ပတ်သက်ရင် အကုန်လုပ်ကြည့်ချင်တာပါ။ အနုပညာပိုးကလည်း ကြီးတော့လေ။ အသက်ကြီးမှ အနုပညာပိုးက သေမယ်လို့ ထင်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။