၂. ၁၁. ၂၀၂၃
Written by Nay Moe
မနေ့က ဒီဇင်ဘာ ၁ ရက် ည ၇ နာရီ ၃၃ မိနစ်မှာ ရန်ကင်းမြို့မရဲစခန်းကို အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ Yangon Army (YA) ပူးပေါင်းပြီး ထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ရန်ကုန်၊ အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုဟာ ပြင်းအားမြင့်အဝေးထိန်းမိုင်းနှစ်လုံးနဲ့ ရဲစခန်းရှေ့ဘန်ကာနားမှာ ခွဲခဲ့တာဖြစ်ပြီး ကျယ်လောင်တဲ့ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ခဲ့တာကို ရန်ကုန်မြို့နယ်အများစုက ကြားခဲ့ရပါတယ်။ NUG လုပ်ကိုင်နေတဲ့ PVTV မှာတော့ ဒီတိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြထားပြီး တာဝန်ရှိသူတွေကတော့ အတည်မပြုသေးပါဘူး။
Yangon Army နဲ့ အနောက်ပိုင်းပကဖ PDF အဖွဲ့တွေဟာ နိုဝင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်ကလည်း ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်က လျှပ်စစ်ရုံးစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မြောက်ဥက္ကလာပမြို့နယ်က လျှပ်စစ်ရုံးစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့တဲ့ အဖွဲ့ပါ။
ဒါ့အပြင် Yangon Army PDF အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် ည ၉ နာရီ ၁၅ မိနစ်အချိန်လောက်ကလည်း မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းအနီးက နေအိမ်တစ်လုံးကို ရဲမှူးအိမ်ဆိုပြီး ရန်ကုန်အနောက်ပိုင်းခရိုင်ပကဖ အဖွဲ့၊ Yangon Army ၊ Dark Shadow၊ Urban Worrior တို့ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အဖွဲ့ဖြစ်သလို အထက်ပါဖြစ်စဥ်သုံးခုမှာတော့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့လည်း သိရပါတယ်။