၁. ၁၂. ၂၀၂၃
Written by Thettant
၁၂ ဘီးကုန်ကားယာဥ်လာနေတာကို ရပ်စောင့်ပေးနေတဲ့ ဆရာဝန်အမျိုးသားတစ်ဦးကို ဘရိတ်ပေါက်သွားတဲ့ ၆ ဘီးယာဥ်က နောက်က ဝင်တိုက်လို့ သေဆုံးခဲ့ရမှုဖြစ်စဥ် မော်လမြိုင်မှာ မနေ့ညနေကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဖြစ်စဥ်က နိုဝင်ဘာ ၃၀ ညနေ ၄ နာရီ ၅၅ မိနစ်အချိန်မှာ တက္ကသိုလ်ပတ်လမ်းထိပ် VeVe အချိုရည်ကုမ္ပဏီရှေ့မှာ ကုန်ကားနဲ့ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ ဒေါက်တာစိုးကိုလွင်ဟာ နေရာတင်ပွဲချင်းပြီးသေဆုံးသွားတာလို့ သွားရောက်ကူညီခဲ့တဲ့ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ရေးသားထားပါတယ်။
ဖြစ်သွားခဲ့တာဟာ မော်လမြိုင်မြို့၊ ကျိုက္ခမီပတ်လမ်းမကြီးနဲ့ တက္ကသိုလ်ပတ်လမ်းထိပ်အကျော်နားမှာ လမ်းကိုဖြတ်ထွက်လာတဲ့ ၁၂ဘီး ကုန်ကားကို ရပ်စောင့်ပေးနေတဲ့ ဆိုင်ကယ်ကို နောက်ကနေ ၆ ဘီးကုန်ကားကဘရိတ်ပေါက်ပြီး ဝင်တိုက်မိတာကြောင့် ဆိုင်ကယ်မောင်းသူ ဆရာဝန်အမျိုးသား နေရာတင်သေဆုံးသွားတာကြောင့် ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့ ကျွဲခြံကုန်းလူမူကယ်ဆယ်ရေးအဖွဲ့တို့ ရောက်ရှိကူညီခဲ့ပါတယ်။
ဒီယာဥ်တိုက်မှုဖြစ်စဥ်မှာ ဆရာဝန်အမျိုးသားပွဲချင်းပြီးသေဆုံးတဲ့အပြင် ၆ ဘီးက ယာဥ်နောက်လိုက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် လူနာကို လိုအပ်တာပြုစုပေးပြီး မော်လမြိုင်ဆေးရုံကြီးသို့ ဘိုဘိုဝင်းအဖွဲ့လူနာတင်ယာဥ်နဲ့ ကူညီပို့ဆောင်ပေးခဲ့ပြီး သေဆုံးသူဒေါက်တာစိုးကိုလွင်ကိုတော့ ကျွဲခြံကုန်းလူမူကယ်ဆယ်ရေးအဖွဲ့ လူနာတင်ယာဉ်နဲ့ မော်လမြိုင်ဆေးရုံကြီး OPD ကို ပို့ဆောင်ပေးပြီး ရင်ခွဲရုံအထိပါပို့ဆောင်ကူညီပေးခဲ့တယ်လို့ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။
ဓာတ်ပုံ – ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့