၂၈. ၁၁. ၂၀၂၃
Written by Naing Thuta
မန္တလေးတိုင်းဒေသကြီး ဆန်ကုန်သည်၊ ဆီကုန်သည်၊ လုပ်ငန်းရှင်များပူးပေါင်း၍ အများပြည်သူအတွက် အခြေခံစားသောက်ကုန် ၁၉ မျိုးအား သက်သာသောစျေးနူန်းထားများဖြင့် ယနေ့မနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဉီးမျိုးထွန်း ပြောပြချက်အရ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅) ရပ်ကွက်၊ မနော်ဟရီလမ်း၊ ၆၇ လမ်းနှင့် ၆၈ လမ်းကြားတွင် ယနေ့(နိုဝင်ဘာ ၂၈ ရက်)မနက် ၈ နာရီမှ ၁၀ နာရီ ၃၀ မိနစ်အထိ မန္တလေးတိုင်းမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစားသုံးသူ ရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဆန်ကုန်သည်၊ ဆီကုန်သည်၊ လုပ်ငန်းရှင်များပူးပေါင်း၍ အများပြည်သူအတွက် အခြေခံစားသောက် ကုန် ၁၉ မျိုးကို သက်သာသောစျေးနူန်းထားများဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရောင်းချပေးခဲ့သည့်ကုန်ပစ္စည်းများမှာ ဆန်တစ်ပြည် ၂၈၀၀ ကျပ်နူန်း(ပြင်ပပေါက်စျေး ၃၄၀၀ကျပ်)၊ ဆီ(စားအုန်းဆီ) တစ်ပိဿာလျင် ရောင်းစျေး ၅၈၀၀ ကျပ်နူန်း( ပြင်ပပေါက်စျေး ၁၄၀၀၀ကျပ်)၊ ကြက်ဥတစ်လုံးကို ၂၀၀ ကျပ်နူန်း(ပြင်ပပေါက်စျေး ၂၅၀ကျပ်)၊ ဘဲဥတစ်လုံးကို ၃၀၀ ကျပ်နှုန်း(ပြင်ပပေါက်စျေး ၃၅၀ကျပ်)၊ ဝက်သားတစ်ပိဿာ ၁၄၀၀၀ ကျပ်(ပြင်ပပေါက်စျေး ၁၆၀၀၀ ကျပ်)၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ ကျပ်နှုန်း(ပြင်ပပေါက်စျေး ၁၆၀၀၀ ကျပ်)၊ စသည်ဖြင့် စုစုပေါင်း ကုန်ပစ္စည်း ၁၉ မျိုးတို့ကို သက်သာသောစျေးဖြင့် အသီးသီးရောင်းချပေးခဲ့ကြောင်း သိရသည်။