၂၈. ၁၁. ၂၀၂၃
Written by Min Mahar
ရွှေဘိုမြို့ရှိ ညမွှေးပန်း KTV တွင် PDF အဖွဲ့ဝင်များရောက်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးသည့်အခါ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး PDF ၄ ဦး(အသေ)နှင့် ၁ ဦး (အရှင်)ဖမ်းမိကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၂၇ ရက်)ညနေ ၅ နာရီခွဲခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်၊ စက်မှုဇုန်ရပ်(ဒေသအခေါ်)ရှိ ညမွှေးပန်း KTV ၏ စံပါယ်အခန်းတွင် ရွှေဘိုမြို့နယ် PDF အဖွဲ့များရောက်ရှိနေသည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များ သတင်းရရှိခဲ့သဖြင့် သွားရောက်စစ်ဆေးစဉ် PDF အဖွဲ့မှ တစ်ဦးသည် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်၍ ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ဗုံးစထိမှန်ကာ ဒဏ်ရာ(မစိုးရိမ်ရ)များ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် လုံခြုံရေးပူးပေါင်းအဖွဲ့မှ သတင်းရရှိသည့်အခန်းအတွင်းသို့ ပစ်ခတ်ရှင်းလင်းဝင်ရောက်ခဲ့ရာ အသက် ၂၅ နှစ်မှ ၃၀ နှစ်အရွယ် အမျိုးသား ၄ ဦးအား အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး ၂ လက်မ ကွန်ကျူပိုက်အပြာရောင်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၂ လုံး၊ ၅.၅၆ ကျည်ဆံ ၇ တောင့်၊ အရိုးအသွား ၁၀ လက်မခန့်ရှိ ဓားမြှောင် ၁ ချောင်း၊ MG-1 လက်ပစ်ဗုံးကွင်း ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါမိုင်းစထိမှန်ဒဏ်ရာရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးသူ ၄ ဦး၏ အလောင်းများအား သိင်္ဃဂုဏ်ရည် လူမှုကူညီရေးအသင်းပိုင်ယာဉ်ဖြင့် ရွှေဘိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။