၂၉. ၁၁. ၂၀၂၃
Written by Ye Kyaw
ပိုင်ရှင်အပြောင်းအလဲနှင့် ပိုင်ဆိုင်မှုအလွှဲအပြောင်း ဖြစ်ပြီးနောက် ဆီဒိုးနားဟိုတယ်ကို ဒီဇင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဆီဒိုနားဟိုတယ်မှ နိုဝင်ဘာ ၂၈ ရက်တွင် ကြေညာထားသည်။
“တစ်ယောက်ကို ဒီဇင်ဘာလ Promotion ရှိပါတယ်။ ဈေးနှုန်းက Facebook မှာ ကြေညာထားသလိုပဲ ၆၅ ++ ဒေါ်လာပေါ့။ တစ်ယောက်ဆိုရင်တော့ ၇၄ ဒေါ်လာ Tax အပါပေါ့နော်။ နှစ်ယောက်ဆိုရင်တော့ Tax အပါ၊ Breakfast အပါ ၈၅ ဒေါ်လာလောက်ကျမယ်။ Exchange ကတော့ တစ်ဒေါ်လာ ၂၁၀၀ နှုန်းနဲ့ပါ CBM Rate နဲ့ပါ။ ကျန်တဲ့အခြား မင်္ဂလာဆောင်ဝန်ဆောင်မှုတွေလည်းရပါပြီ” ဟု ဆီဒိုနားဟိုတယ်မှ တာဝန်ရှိသူက ပြောသည်။
ဆီဒိုနားဟိုတယ်ကို ကိုဗစ်-၁၉ ကပ်ရောဂါဒဏ်နှင့်အတူ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များကြောင့် ၂၀၂၁ ခုနှစ်က စတင်ပိတ်ထားခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်ကျော်အကြာမှ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။
ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်ကို အပြီးသတ်ရောင်းချရန် စင်ကာပူအခြေစိုက် Keppel Corporation မှ ရာနှုန်းပြည့်ပိုင်ဆိုင်သည့် Keppel Land က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်း (စင်ကာပူဒေါ်လာ ၇၅ ဒသမ ၆ သန်း)ဖြင့် စင်ကာပူလုပ်ငန်းစုဖြစ်သည့် Spring Blossom Ventures ထံ အပြီးသတ်ရောင်းချခဲ့ခြင်းဖြစ်သည်။
ဆီဒိုးနားဟိုတယ်ကို ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး စတင်ဖွင့်လှစ်ချိန်တွင် အခန်းပေါင်း ၃၆၀ ကျော်သာရှိခဲ့ကာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် ၂၉ ထပ်အမြင့်ရှိ ဟိုတယ်တစ်လုံးကို တည်ဆောက်၍ ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆောက်အဦနှစ်ခုလုံးရှိ အခန်းများအားလုံးကို ဝန်ဆောင်မှုပေးမည်ဆိုခြင်းနှင့် ယခင်အဆောက်အဦတစ်ခုတည်းကိုသာ ဝန်ဆောင်မှုပေးသွားမည်ဆိုခြင်းကိုမူ တိတိကျကျမသိရှိရသေးချေ။