၂၇.၁၁.၂၀၂၃
Written by KL
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ ၁၂၀ လမ်းနှင့် ဦးမြတ်စံလမ်းထောင့်ရှိ နှစ်ထပ်တိုက်အဟောင်းအဆောက်အအုံတွင် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်က နံရံပြိုကျမှုဖြစ်ပွားခဲ့ရာ ကြက်သားရောင်းနေသောအမျိုးသားကြီးပေါ် ပိမိ၍ သေဆုံးသွားကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
အဆိုပါ ဖြစ်စဥ်မှာ ထိုနေရာ အမှတ် ၂၆ ရှိ အန္တရာယ်ရှိအဆောက်အဦအဖြစ် သတ်မှတ်ထားသော အလျား ၅၂ ပေ၊ အနံပေ ၄၀ ခန့် ရှိသော အုတ်ညှပ်နှစ်ထပ်အဆောက် အဦ၏ ညာဘက်ခြမ်းနံရံ ပြိုကျမှုဖြစ်ပွားခဲ့ပြီး ဦးမြတ်စံလမ်းပေါ်တွင် ကြက်သားရောင်းနေသည့် အသက် ၅၈ နှစ် အရွယ် ဦးကိုလေးပေါ်ပိကျခဲ့ခြင်း ဖြစ်သည်။
အမျိုးသားကြီးပေါ်နံရံများ ပိကျနေသည်ကို အနီးရှိ ပတ်ဝန်းကျင်နေသူများက ဝိုင်းဝန်းဖယ်ရှားပေးခဲ့ပြီး အမျိုးသားကြီးမှာ ခန္ဓာကိုယ် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။ ဒဏ်ရာရရှိသူ အမျိုးသားကြီးကို သပြေကုန်းပရဟိတအသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရာ လူနာမှာ သေဆုံးသွားကြောင်း သိရှိရသည်။
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ဆက်လက်စစ်ဆေးလျက်ရှိသည်။
ဓာတ်ပုံ – သပြေကုန်းလူမှုကူညီရေးပရဟိတအသင်း