၂၇. ၁၁. ၂၀၂၃
Written by Nay Moe
ဖြူးမြို့နယ် ရေတွင်းကုန်းရွာအတွင်းသို့ PDF များ ပစ်ခတ်လိုက်သည့် စိန်ပြောင်းဗုံးသီးနှစ်လုံးကျရာမှ အမျိုးသမီးကြီးနှစ်ဦးသေဆုံးမှုဖြစ်ပွားကာ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာ ရရှိထားသူနှစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဖြူးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေသူများဖြစ်သည့် ဒေါ်ပြားဝင်း(၆၀)နှစ်နှင့် ဒေါ်စန်းမှီ(၆၀)နှစ်တို့သည် ဗုံးသီးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေပြီး ဒေါ်ငြိမ်းမှုံ (၈၅)နှစ်နှင့် မောင်ထက်အာကာလင်း (၉)နှစ်တို့တွင် လက်နှင့် ကျောတို့၌ ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိထား သည်ကို တွေ့ရှိခဲ့၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ည ၇ နာရီခန့်တွင် ၎င်းတို့၏နေအိမ်များ၌ ရှိနေစဉ် ကျေးရွာအတွင်းသို့ PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့သည့် စိန်ပြောင်းဗုံးသီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာ ၂၄ ရက် နေ့လယ် ၁၂ နာရီ ၅ မိနစ်တွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ မိုင်းစထိမှန်ဒဏ်ရာရရှိထားသည့် အမျိုးသားနှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမရပူရမြို့နယ်၊ ပိန်းတန်းရပ်ကွက်နေ ဦးညီညီအောင် (၄၀)နှစ်နှင့် စစ်ကိုင်းမြို့နယ်၊ ကျောက်တာကျေးရွာနေ ဦးနိုင်လင်းထက် (၃၀)နှစ် တို့တွင် လက်နှင့်ခြေထောက်တို့၌ မိုင်းစထိမှန်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ နိုဝင်ဘာ ၂၃ ရက်နေ့တွင် ဦးညီညီအောင်မောင်းနှင်ပြီး ဦးနိုင်လင်းထက် လိုက်ပါလာသည့် ကုန်တင်ယာဉ်သည် ရွှေဘိုမြို့နယ်၊ တဂဏန်းကျေးရွာအနီး၌ စက်ချို့ယွင်းခဲ့သဖြင့် ၎င်းတို့နှစ်ဦးသည် ရွှေဘိုမြို့သို့ လိုအပ်သည့်ယာဉ်အပိုပစ္စည်းများ သွားရောက်ဝယ်ယူကာ မော်တော်ယာဉ်ရှိရာသို့ လမ်းလျောက်ပြန်လာစဉ် ညနေ ၅ နာရီခွဲခန့်တွင် ရွှေဘိုမြို့အဝင်လမ်းဘေးမှ PDF များ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။