၂၈. ၁၁. ၂၀၂၃
Written by Ye Kyaw
ယခုတစ်ပတ်အတွက် စားအုန်းဆီရည်ညွှန်းဈေးနှုန်းအား တစ်ပိဿာ ကျပ် ၅၀၀၀ သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ပြင်ပသတ်မှတ်ဆီဆိုင်များ၌ တန်းစီဝယ်ယူရသော စားအုန်းဆီဈေးနှုန်း ၆၀၀၀ ကျပ်အထိ မြင့်တက်ခဲ့သည်။
ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၃ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၅၀၀၀ ကျပ် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
အစိုးရသတ်မှတ်ပေးသည့် စားအုန်းဆီ တစ်ပိဿာ အခြေခံရည်ညွှန်းဈေးနှုန်းများမှာ အောက်တိုဘာ ၂၂ ရက်တွင် ၄၃၉၅ ကျပ်၊ နိုဝင်ဘာ ၅ ရက်တွင် ၄၅၆၀ ကျပ်၊ နိုဝင်ဘာ ၁၃ ရက်တွင် ၄၆၈၀ ကျပ် သတ်မှတ်ပေးခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်(ယနေ့)တွင် ကျပ် ၅၀၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့၍ တစ်လကျော်အတွင်း စားအုန်းဆီ တစ်ပိဿာ ၆၀၅ ကျပ် တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ပြင်ပဈေးကွက်တွင် စားအုန်းဆီသည် မြို့နယ်၊ ရပ်ကွက်အလိုက် သတ်မှတ်ပေးထားသည့် ဆီအရောင်းဆိုင်များ၌ တန်းစီဝယ်ယူရသည့် စားအုန်းဆီဈေးနှုန်းသည် ပြီးခဲ့သည့် ဩဂုတ်လကုန်တွင် တစ်ပိဿာ ကျပ် ၄၄၀၀ သာရှိခဲ့သော်လည်း လက်ရှိတွင် တန်းစီဝယ်ယူရသည့် စားအုန်းဆီသည် တစ်ပိဿာ ကျပ် ၆၀၀၀ အထိမြင့်တက်လာခဲ့ကြောင်း သိရသည်။
“စားအုန်းဆီက တစ်ပိဿာ ၆၀၀၀ ဖြစ်နေပြီ။ ဒါတောင်လိုသလောက်မရဘူး။ တန်းစီဝယ်ရတာ။ အများဆုံး တစ်ပိဿာပဲ။ အရင်က တန်းစီဝယ်ရတာက တစ်ပိဿာကို ၄၄၀၀ နဲ့စတာကနေ ၅၀၀၀။ အဲဒီလိုတက်တာကနေ အခုဆို ၆၀၀၀ ဖြစ်နေပြီ” ဟု တောင်ဒဂုံမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။