၂၈. ၁၁. ၂၀၂၃
Written by Nay Moe
ငါန်းဇွန်မြို့နယ်တွင် PDF များက လူ ၇ ဦးသတ်ဖြတ်လိုက်မှူအပါအဝင် နွားထိုးကြီးမြို့နယ်၊ လက်ပံတန်းမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်များတွင်လည်း အုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် လူ ၃ ဦးကို PDF များက သတ်ဖြတ်လိုက်သဖြင့် တစ်နေ့တာအတွင်း လူ ၁၀ ဦး သတ်ဖြတ်ခံခဲ့ရသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဖြစ်စဥ်များမှာ နိုဝင်ဘာ ၂၂ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မကျီးကန်ကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ နွားထိုးကြီးမြို့နယ်၊ တက်ဆီကျေးရွာနေ ကိုဖိုးဇော်(၃၇)နှစ်သည် ၎င်း၏နေအိမ်မှ မကျီးကန်ကျေးရွာသို့ Toyota Hiace ယာဉ်ဖြင့် နွားထိုးကြီး-မလှိုင်သွားကားလမ်းအတိုင်း ထွက်ခွာလာစဉ် မကျီးကန်ကျေးရွာအနီးအရောက် ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူအမျိုးသားနှစ်ဦး (စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကိုဖိုးဇော်တွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းရွာမကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဝါးရုံပင်ဇင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်(၅၉)နှစ်သည် ၎င်း၏နေအိမ်မှ တောင်သာယာကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာစဉ် သရက်ချောင်းရွာမကျေးရွာနှင့် ရိုးမပတ်လမ်းသို့ ဆက်ထားသော မြေနီလမ်းမပေါ်အရောက် PDF များက(အင်အားစိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းမြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဦးဝင်းမြင့်အားသတ်ဖြတ်သည်မှာ NUG ဩဇာခံ သာယာဝတီဂဠုန်တပ်ဖွဲ့ဖြစ်ပြီး အုပ်ချုပ်ရေးမှူးဖြစ်၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
အလားတူ ည ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေသူများဖြစ်ကြ သည့် ကိုဖိုးချစ်(၁၈)နှစ်၊ ကိုနန်းဝင်း(၃၇)နှစ်၊ ကိုဝေအောင်(၂၃)နှစ်၊ ကိုဗျိုင်းကြီး(၂၉)နှစ်၊ ကိုပိုင် (၃၀)နှစ်တို့သည် ကျေးရွာအတွင်းရှိ ဦးညွန့်လှ၏ ကုန်စုံဆိုင်၌ ဝိုင်းဖွဲ့စားသောက်နေစဉ် အကြမ်း ဖက်အဖွဲ့(စိစစ်ဆဲ)အင်အားရှစ်ဦးက ဆိုင်ကယ်များဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကိုဖိုးချစ်ပါ ၅ ဦးတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ၎င်းအကြမ်းဖက်သမားများသည် ကျေးရွာအတွင်းရှိ ဦးချစ်ဟန်(၇၂)နှစ်နှင့် ဒေါ်ဝင်း(၇၂)နှစ်တို့၏နေအိမ်သို့ ဆက်လက် သွားရောက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးချစ်ဟန်နှင့် ဒေါ်ဝင်းတို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၇ နာရီ ၄၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အောင်လံ-မကွေး ခရိုင်ချင်းဆက်ကားလမ်းဘေးရှိ ငါးရန့်ချောင်းကျေးရွာနေ မတင်မာဌေး(၄၅)နှစ်သည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် PDF အင်အားငါးဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် မတင်မာဌေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။