၂၅.၁၁.၂၀၂၃
Written and Photo by Peya
ပြည်သူ့ရင်ပြင်တွင် သုံးရက်တိုင်တိုင် ကျင်းပမည့် တန်ဆောင်တိုင် စျေးရောင်းပွဲတော်နှင့် မီးထွန်းပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်တိုင် ကျင်းပမည့် အဆိုပါပွဲတော်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ အဆိုပါ ပွဲတော်တွင် E-Sport ပြိုင်ပွဲများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ ဖျော်ဖြေပွဲများ၊ ဟာသပညာရှင်များ၏ ဖျော်ဖြေပွဲများ၊ မီးရှူးမီးပန်း ပစ်ဖောက်မည့် အစီအစဉ်များ အပါအဝင် အခြား ပျော်ပွဲရွှင်ပွဲ အစီအစဉ်များစွာ ပါဝင်ကြောင်း သိရသည်။
“ဒီပွဲတော်မှာ ဆိုင်ခန်းပေါင်း ၅၀၀ ကျော်လောက်ကို ပြသ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတော်မှာ ထူးခြားချက် အနေနဲ့ Super Seven Stars Industrial Development ကုမ္ပဏီက ဂျာမနီ၊ အီတလီ၊ တူရကီ စတဲ့ ဥရောပ စက်မှုနိုင်ငံတွေသာမက တခြားသော စက်မှုနိုင်ငံ ကိုးနိုင်ငံမှာ ရှိတဲ့ ကုမ္ပဏီပေါင်း ၃၁ ခုက ထုတ်လုပ်နေတဲ့ စက်ယန္တရား မောင်းနှင်ပြသမှုတွေကို ၂၅ လက်မ တီဗွီ ၁၅ လုံးနဲ့ ပြသသွားမှာ ဖြစ်သလို အဲ့ဒီ စက်ယန္တရားက ထုတ်လုပ်တဲ့ အရည်အသွေးမြင့် ပစ္စည်း ၄၀၀ ကျော်နဲ့ Authenic Production ကုမ္ပဏီက ပြည်တွင်း စက်ရုံထုတ် ရေပိုက်တွေ၊ ရေတိုင်ကီတွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ခင်းကျင်းပြသထားပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
အဆိုပါ ပွဲတော်လာ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန်အတွက် အကြို၊ အပို့ ကားများကိုလည်း စီစဉ်ထားရှိကြောင်းလည်း သိရသည်။