၂၄. ၁၁. ၂၀၂၃
Written by Nay Moe
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်က လျှပ်စစ်ရုံးစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မြောက်ဥက္ကလာပမြို့နယ်က လျှပ်စစ်ရုံးစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နှစ်ရက်ဆက်တိုက်ပစ်ခတ်ခဲ့တယ်လို့ Yangon Army PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေးရေးရုံးကို Yangon Army နဲ့ ရန်ကုန်တိုင်း အနောက်ပိုင်းပကဖက နိုဝင်ဘာ ၂၃ ရက် ည ၇ နာရီ ၅၅ မိနစ်အချိန်မှာ ဗုံးပစ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူပဲ နိုဝင်ဘာ ၂၄ ရက် မနက် ၆ နာရီ ၂၀ မိနစ်အချိန်မှာလည်း မြောက်ဥက္ကလာပမြို့နယ်၊ အ၀ိုင်းကြီးနားက လျှပ်စစ်ရုံးစောင့်တပ်ကို အနောက်ပိုင်းခရိုင်ပကဖအဖွဲ့နဲ့ Yangon Army တို့ပူးပေါင်းပြီး ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Yangon Army PDF အဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက် ည ၉ နာရီ ၁၅ မိနစ်အချိန်လောက်ကလည်း မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းအနီးက နေအိမ်တစ်လုံးကို ရဲမှူးအိမ်ဆိုပြီး ရန်ကုန်အနောက်ပိုင်းခရိုင်ပကဖ အဖွဲ့၊ Yangon Army ၊ Dark Shadow၊ Urban Worrior တို့ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အဖွဲ့ဖြစ်သလို ဒီဖြစ်စဥ်တွေမှာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့လည်း ကနဦး သိရပါတယ်။