တည်ငြိမ်မှုမရှိသည့် ရှမ်းမြောက်တွင် ၎င်းတို့ကိုယ်တိုင် လုပ်နေသည့်လုပ်ငန်းကို ဖုံးကွယ်ရန် ကောလာဟလ ထုတ်လွှင့်ခြင်းဟုပါ ပြော
၂၂. ၁၁. ၂၀၂၃
တပ်မတော်အနေဖြင့် စစ်မှုထမ်းဟောင်းများနှင့် ရဲမှုထမ်းဟောင်းများကိုပင် ဆင့်ခေါ်ထားခြင်းမရှိသည့်အပြင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင်လည်း မည်သည်နေရာတွင်မျှ ပေါ်တာဆွဲကာ စစ်သားစုဆောင်းခြင်းများ ဆောင်ရွက်ခြင်းမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
“ကောလာဟလသတင်းတွေပေါ့။ ဘယ်လောက်အထိလုပ်လဲဆိုတော့ ရန်ကုန်မှာဆိုရင် ပေါ်တာဆွဲနေပြီဆိုတဲ့ သတင်းမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေတာမျိုး။ ဒါတွေ့ရှိရပါတယ်။ ပြည်ဖျက်မီဒီယာများအနေနဲ့လည်း ဒီသတင်းကိုပဲ မနေ့ကစပြီး ဒီနေ့မှာပိုဆိုးတာပေါ့။ မနေ့ကစပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နေတာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ ဒေသခံတွေကို မေးကြည့်လည်းသိပါတယ်။ အားလုံးသိပြီးလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတစ်နိုင်လုံးမှာ ဘယ်နေရာမှာမှ တပ်မတော်အနေနဲ့ ဒီလိုအလုပ်မျိုးလုပ်စရာအကြောင်းမရှိပါဘူး။ တပ်မတော်အနေနဲ့ စစ်မှုထမ်းဟောင်းများ၊ ရဲမှုထမ်းဟောင်းများကိုပင် ဆင့်ခေါ်ခြင်းမရှိဘူးဆိုတာ ကျွန်တော်တို့ ပြောလိုပါတယ်။ ပြည်သူလူထုအနေနဲ့ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ကြောင်း အသိပေး ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
တည်ငြိမ်မှုပျက်ပြားနေသည့် ရှမ်းမြောက်ဒေသအတွင်း MNDAA အဖွဲ့များအနေဖြင့် တစ်အိမ်တစ်ယောက် စစ်မှုထမ်းရန်ကြေညာထားခြင်း၊ မုံးကိုးဒေသရှိ ဟေမိုးလုံသာသနာပြုကျောင်းမှ သံဃာအပါး ၂၆ ပါးကို ဖမ်းဆီးပြီး ၄ ပါးကို စစ်သားအဖြစ် အဓမ္မစစ်မှုထမ်းခိုင်းခြင်းများ ဆောင်ရွက်နေခြင်းများကို ၎င်းတို့ကိုယ်တိုင် လုပ်ကိုင်နေသည့် လုပ်ဆောင်ချက်များကို ဖုံးကွယ်ရန်အတွက် မီဒီယာများနှင့်ပူးပေါင်းကာ ရည်ရွယ်ချက်ရှိရှိ ကောလာဟလသတင်းများ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ဒါတွေသည် ဘာလို့ဖြစ်လာတာလည်းဆိုတော့ အဓိကတော့ မငြိမ်မသက်ဖြစ်နေတဲ့နယ်မြေ သောင်းကျန်းမှုဖြစ်နေတဲ့ နေရာမှာ သူတို့ကိုယ်တိုင် လုပ်နေတဲ့အလုပ်ကို ဖုံးကွယ်ချင်လို့ ဖြစ်ပါတယ်။ MNDAA အနေနဲ့ မူဆယ်၊ မုံးကိုးဒေသ မုံးကိုးမှာရှိတဲ့ ဟေမိုးလုံသာသနာပြုကျောင်းက သံဃာ ၂၆ ပါးကို ဖမ်းသွားပါတယ်။ အဲဒီထဲက ၄ ပါးကို စစ်သားအဖြစ် အဓမ္မစစ်သားစုဆောင်းခဲ့တာရှိပါတယ်။ သူတို့အနေနဲ့ ဒါကိုးကန့်ဒေသမှာ ဘယ်သူမဆို စစ်မှုထမ်းရမယ်။ တစ်အိမ်တစ်ယောက် စစ်မှုထမ်းရမယ်ဆိုပြီး တရားဝင်ပြောကြားထားချက်တွေရှိပါတယ်။ ဒါတွေကို ဖုံးကွယ်ချင်လို့ လုပ်နေတာလည်းဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါ တပ်မတော်မှ စစ်သားစုဆောင်းရန် ပေါ်တာဆွဲနေခြင်းဆိုသည့် ကောလာဟသတင်းများကို ရန်ကုန်မြို့ရှိ အခြေခံအလုပ်သမားများ အဓိကလုပ်ကိုင်နေသည့် စက်မှုဇုန်များနှင့် စာသင်ကျောင်းတို့တွင် အဓိကပျံ့နှံ့ခဲ့ပြီး တချို့သောမိဘများအနေဖြင့် ၎င်းတို့၏ သား၊ သမီးများကို ကျောင်းသို့ ကျောင်းတက်ရန် ပေးမသွားသည့်အခြေအနေများပင် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။