MT News
၂၂. ၁၁. ၂၀၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသများတွင် MNDAA ၊ TNLA နှင့် AA လက်နက်ကိုင်များသည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုကြောင့် မြို့နယ်အချို့တွင် ဒေသခံပြည်သူများ ခေတ္တတိမ်းရှောင်နေကြလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် လောက်ကိုင်မြို့အနီး၊ တုံချိန်အရပ်၌ စစ်ဘေးရှောင်ပြည်သူများ လိုက်ပါလာသည့် ကားတစ်စီးအား လက်နက်ကြီး ကျည်ထိမှန်ပြီး ကားပေါ်တွင် ပါလာသည့်သူများထိခိုက် သေဆုံးမှုရှိကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ သိရှိရသည်။
အဆိုပါ ပစ်ခတ်မှုသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း MNDAA ပြန်ကြားရေး တာဝန်ခံ လီကျားဝင်းက ပြောကြားသည်ဆိုသည့် သတင်းအား လူမှုကွန်ရက်စာမျက်နှာတွင် လုပ်ကြံသတင်း ရေးသား ဖြန့်ဝေမှုအား တွေ့ရှိရသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်အား လုံခြုံရေးဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းမရှိကြောင်း၊ လက်နက်ကိုင်သောင်းကျန်းသူများက တပ်မတော်စခန်းတစ်ခုအား ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ဆန်သည် စစ်ဘေးရှောင်ပြည်သူများ လိုက်ပါလာသည့် ကားတစ်စီးအား ထိမှန်ပျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူအချို့နှင့် အခြားသတင်း အရင်းအမြစ်များအရ သိရှိရပြီး အကြမ်းသမားများအနေဖြင့် ဒေသအတွင်း မတည်မငြိမ် ဖြစ်စေရန်၊ ဒေသခံ တိုင်းရင်းသားများအား အကြောက်တရားဖြင့် ၎င်းတို့အား ထောက်ခံ အားပေးလာစေရန်နှင့် တပ်မတော်အပေါ် အထင်အမြင်လွဲမှားလာစေရန် ရည်ရွယ်၍ လုပ်ကြံသတင်း ရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားသည်။
၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်နေသော MNDAA သည် နိုဝင်ဘာ ၁၄ ရက်မှစတင်ကာ လောက်ကိုင်မြို့ကို ပိတ်ဆို့တိုက်ခိုက်မှုလုပ်ဆောင်နေပြီး ယနေ့ စစ်ဘေးရှောင်ပြည်သူများ ငါးဦးထက်မနည်းသေဆုံးချိန်မှ ယင်းတို့၏ ပစ်ခတ်တိုက်ခိုက်မှုအပေါ် တပ်မတော်အား လွှဲချခဲ့ခြင်းဖြစ်သည်။