၁၉. ၁၁. ၂၀၂၃
Written by Thettant
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ တောင်ကိုရီးယားနိုင်ငံသား မောင်းလာတဲ့ယာဥ်က အနောက်ကဝင်တိုက်တာကြောင့် အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာရမှု ဒီနေ့မနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့က သိရပါတယ်။
ဖြစ်စဥ်ဟာ ဒီနေ့မနက် ၁၀ နာရီခန့်အချိန်မှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင်အမှတ် (၃၃၈/၁-၂)ဖာလုံကြားမှာ မန္တလေးဘက်ကနေ နေပြည်တော်ဘက်မောင်းနှင်လာတဲ့ Kia Pickup အဖြူရောင်ယာဉ်ကို နောက်ကနေ တောင်ကိုရီးယာနိုင်ငံသားတစ်ဦးထဲမောင်းနှင်လာတဲ့ Toyota Hilux Vigo အနက်ရောင်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။
ဒီ ယာဉ်တိုက်မိမှုကြောင့် နောက်ကဝင်တိုက်တဲ့ Toyota Hilux Vigo အနက်ရောင်ယာဉ်မောင်း တောင်ကိုရီးယားနိုင်ငံသား မစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိပြီး၊ Kia Pickup အဖြူရောင်ယာဉ်ပေါ်က ယာဉ်မောင်းအပါအဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၆ ဦးအနက် အမျိုးသမီး ၆ ဦး မစိုးရိမ်ရထိခိုက်ဒဏ်ရာတွေ ရရှိခဲ့လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့ပိုင်ယာဉ်နဲ့ တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံကိုပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်ကို စကားအင်းအမြန်လမ်းမီးသတ်စခန်းက တပ်ဖွဲ့ဝင်(၁+၄)ဦး၊ စကားအင်းအမြန်လမ်းရဲစခန်းက စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင်(၂+၇)ဦးတို့အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။