၂၀. ၁၁. ၂၀၂၃
Written by Peye
တိုက်ပွဲများနှင့် တံတားဖျက်စီးခံရမှုများကြောင့် လမ်းပိတ်နေခဲ့သည့် ဂုတ်တွင်းလမ်းပိုင်းရှိ အချို့နေရာများတွင် ယနေ့မှ စတင်ကာ ကားအချို့ စတင်သွားလာနေပြီဖြစ်ပြီး တပ်မတော်ကလည်း လမ်းကြောင်း ရှင်းလင်းခြင်းနှင့် ပြုပြင်ခြင်းများကို ဆောင်ရွက်နေကြောင်း သီပေါမြို့ခံ တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
“ဒီနေ့ စမ်းသွားတဲ့သူတွေကတော့ သွားနေကြပြီ။ အများကြီးတော့ မရှိသေးဘူး။ တချို့ကလည်း မသိသေးဘူး။ သွားတော့ သွားနေကြပြီ” ဟု အထက်ပါ သီပေါမြို့ခံက ဆိုသည်။
ယမန့်နေ့ တွင် ဘက်ဟိုးများ၊ ဘူဒိုဇာများ၊ သံချပ်ကာယာဉ်များဖြင့် လမ်းကြောင်း ရှင်းလင်းခဲ့ရာ ကျောက်မဲမြို့အထိ ရောက်သွားပြီ ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကျောက်မဲနဲ့ သီပေါကြားက ကျင်သီ တံတားကလည်း ထိခိုက်ထားတယ် ဆိုတော့ အခုရမှာကတော့ (မန္တလေးဘက်ကလာရင်) နောင်ချိုဘက်အထိပဲ ရဦးမှာပေါ့။ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်မဲဘက်ကလူတွေ အသွားအလာရမယ်။ သီပေါနဲ့ ဟိုဘက်က လူတွေကတော့ မရနိုင်သေးဘူး” ဟု အထက်ပါမြို့ခံက ဆိုသည်။
တပ်မတော်၏ ပြင်ဆင်ရေးယာဉ်တန်းအနေဖြင့် ကျင်သီ တံတားအထိ ရောက်ပြီဆိုပါက ယာယီလမ်း သို့မဟုတ် ပတ်လမ်း လုပ်ပေးမည်လား ဆိုခြင်းကို မသိရသေးကြောင်းလည်း ၎င်းက ဆိုသည်။
“၂၀-၁၁-၂၀၂၃။ ဂုတ်တွင်းလမ်း ပိတ်မိနေသည့်ကားတွေ ဦးစားပေး သွားခွင့်ပြုနေပါတယ်။ ကျောက်မဲ-သီပေါကြားက ကျင်သီတံတား ကားများသွားလာလို့မရသေးပါ။ သိန္နီတံတားလည်းဖြတ်ဖို့မလွယ်သေးပါဘူး။ သိန္နီ-ကွတ်ခိုင်-မူဆယ်လည်း လမ်းမကြီးပေါ်မှ ကားများသွားတာမရှိသေးပါ။ ကျောက်မဲ-မူဆယ် ပြည်ထောင်စုလမ်းမကြီးကနေ ခုချိန်ကားများသွားလာဖို့အဆင်မပြေသေးပါဘူး။ ခုလိုကာလမှာ သာမာန်လောက်ဆို ခရီးမထွက်တာအကောင်းဆုံးပါ။ မဖြစ်မနေခရီးထွက်မယ်ဆိုလည်း သေချာစုံစမ်း မေးမြန်းပြီးမှသာ ခရီးထွက်ကြပါ။ လမ်းခရီးက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်” ကမ်းလက်ကူညီပရဟိတအသင်း(မူဆယ်)က လမ်းပိုင်းအခြေအနေတချို့ကို ဒီမနက်မှာ အသိပေးထားပါတယ်။
ဓာတ်ပုံ။ ကမ်းလက်ကူညီပရဟိတအသင်း၊ CJ