၇. ၁၁. ၂၀၂၃
Written by Tha Doe
လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ ပြည်သူပိုင်အဆောက်အအုံများကို အကြမ်းဖက်သမားများက ဖျက်ဆီးခဲ့မှုကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးရမည့်ဘဏ္ဍာငွေများကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၌သုံးခဲ့ရသဖြင့် စီးပွားရေးတိုးတက်မှု ရသင့်သလောက်မရဖြစ်နေဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပြောကြားသည်။
နိုင်ငံတော်၏ စီးပွားရေးကဏ္ဍကို ကြည့်မည်ဆိုလျှင် ပြည်တွင်းစီးပွားရေးနှင့် ပြည်ပစီးပွားရေးနှစ်ခုရှိပြီး ကိုဗစ်ကာလအတွင်း ကုန်ထုတ်လုပ်မှုများ အားနည်းခဲ့သည့်အပြင် ပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းရပ်များတွင်လည်း အခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည်။ အလားတူ ပြည်ပနိုင်ငံကြီးအချို့၏ ဘက်ပေါင်းစုံမှ ဖိအားပေး အကျပ်ကိုင်မှုများကြောင့် ပြည်တွင်းပြည်ပ ကုန်သွယ်ရေးများကိုလည်း ထိခိုက်စေခဲ့ပြီး နိုင်ငံ့စီးပွားတိုးတက်သင့်သလောက် မတိုးတက်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
SAC အစိုးရအနေဖြင့် ဝိုင်းဝန်းပိတ်ဆို့မှု၊ ဖျက်လိုဖျက်ဆီး လုပ်မှုများအကြားမှ နိုင်ငံ့စီးပွားရေးကို ရပ်တည်နိုင်အောင် ကြိုးပမ်းခဲ့ရာ ၂၀၁၉-၂၀၂၀ တို့တွင် နိုင်ငံ့ GDP တိုးတက်မှု အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းမှ ၂၀၂၁-၂၀၂၂ တွင် အပေါင်း ၃ ရာခိုင်နှုန်းအထက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းကာလအတွင်း၌ လမ်းတံတားများ၊ လျှပ်စစ်တာဝါတိုင်များ၊ ပြည်သူပိုင်အဆောက်အအုံများကို အကြမ်းဖက်သမားများက ဖျက်ဆီးခဲ့မှုကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးရမည့်ဘဏ္ဍာငွေများကို ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၌သုံးခဲ့ရသဖြင့် စီးပွားရေးတိုးတက်မှု ရသင့်သလောက်မရခဲ့သည်ကို တိုင်းရင်းသား မိဘပြည်သူများအားလုံး သိရှိပြီးဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် လက်တွေ့ကျသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အားပေးဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခြေခံအကျဆုံးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းများ တိုးတက်အောင်မြင်မှုရရှိစေရန် မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်သည်။ အဆိုပါလုပ်ငန်းများကို နည်းပညာများနှင့်ပေါင်းစပ်ပြီး တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ် နိုင်မည်ဆိုပါက ပိုမိုအကျိုးရှိမည်ဖြစ်သည်။ ကရင်ပြည်နယ်အတွင်း အခြေခံရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော MSME လုပ်ငန်းများကို ပြည်နယ်အစွန်အဖျားပါမကျန် နိုင်ငံတစ်ဝန်း အကြားအလပ်မရှိ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်သည့်အတွက် ကရင်ပြည်နယ်အပါအဝင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များကလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အားလုံးအမြင်ကျယ်ကျယ် ရှုမြင်သုံးသပ် ဆောင်ရွက်ကြရန်လည်း SAC ဥက္ကဋ္ဌက တိုက်တွန်းပြောကြားသည်။