၆. ၁၁. ၂၀၂၃
Translated by Htwe Ko Tun
အစ္စရေးနိုင်ငံရဲ့ မော်ဒယ်တစ်ဦးဖြစ်တဲ့ နိုအမ် မာဇယ်လ် ဘန်-ဒေးဗစ်က သူမမှာ ဟားမားစ်တို့ တိုက်ခိုက်မှုစတင်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် နံနက်က ချစ်သူဖြစ်တဲ့ ဒေးဗစ်နီမန်နဲ့အတူ အစ္စရေးနိုင်ငံတောင်ပိုင်း Re’im မြို့မှာပြုလုပ်နေတဲ့ စူပါနိုဗါ သဲကန္တာရတေးဂီတပွဲတော်ကို ရောက်ရှိနေခဲ့တာဖြစ်ကာ ဒေးဗစ်နီမန်ကတော့ ဟားမားစ် တို့ပစ်ခတ်မှုထိမှန်ကာ လဲကျသေဆုံးခဲ့ရပြီး သူမက ခြေထောက်နဲ့ တင်ပါးတို့မှာ ဟားမားစ်တို့ပစ်ခတ်တဲ့ကျည်ဆန်ထိမှန်ကာ လဲကျသေဆုံးနေသူတွေအောက်မှာ နှစ်နာရီလောက် သေချင်ယောင်ဆောင် ပုန်းအောင်းနေရင်း အသက်ဘေးက လွတ်ခဲ့ရတယ်ဆိုတာ ပြန်လည် ပြောပြခဲ့ပါတယ်။
အဆိုပါ စူပါနိုဗါ သဲကန္တာရတေးဂီတပွဲတော်မှာ ဟားမားစ်တို့က အောက်တိုဘာ ၇ ရက် နံနက်မှာ အစ္စရေး နိုင်ငံသား ၂၆၀ ခန့်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ ကြေကွဲဖွယ် အဖြစ်ဆိုးကြီးလည်းဖြစ်ခဲ့ရပါတယ်။ ဒီပွဲကိုရောက်ရှိနေတဲ့ အသက် ၂၇ နှစ်ရှိ နိုအမ် မာဇယ်လ် က သူမမှာ ကျည်ဆန်တွေထိမှန်ပြီး သွေးတွေထွက်နေခဲ့ပေမယ့် ချစ်သူရဲ့အလောင်းအပါအဝင် တခြားသေဆုံးနေတဲ့အလောင်း အစုအပုံတွေအောက်မှာ နှစ်နာရီလောက်နေရင်း အသက်ဘေးကလွတ်ခဲ့ရတာလို့ မီဒီယာတွေကို ပြန်ပြောခဲ့ပါတယ်။
နိုအမ်က “ကျွန်မတို့ စုံတွဲက မနက် ၆ နာရီခွဲလောက်မှာ တေးဂီတပွဲကိုရောက်သွားကြတာ။ ရောက်တဲ့ အချိန်မှာပဲ ပစ်ခတ်သံတွေ၊ ကျယ်လောင်လှတဲ့ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်။ ကျွန်မတို့လည်း ကားထဲပြန်ဝင်ပြီးမောင်းထွက်ပြေးဖို့လုပ်ခဲ့သေးတာ။ ဒါပေမယ့် သူတို့က ထွက်ပေါက်တွေအားလုံးကို ပိတ်ထားခဲ့တော့မဖြစ်နိုင်တော့ဘူး။ အဲဒီတုံးမှာ လုံခြုံရေးအစောင့်တစ်ယောက်ကအသက်မသေချင်ရင်ပြေးကြတော့ ဆိုပြီး ပြေးလာပြီးအော်တာတွေ့ရတယ်။ ဟားမားစ်တွေကလည်း အော်တိုမက်တစ်သေနတ်တွေနဲ့ တွေ့တဲ့သူမှန်သမျှ နေရာတိုင်းလိုက်ပစ်နေတာပဲ” ဟု ပြောခဲ့သည်။
ဆက်လက်၍ နိုအမ်က သူတို့နှစ်ဦးမှာ အခြား ၁၄ ဦးနှင့်အတူ ကြီးမားလှတဲ့အမှိုက်ပုံးကြီးတစ်ခုထဲ သုံးနာရီလောက် ပုန်းနေခဲ့ကြပြီး ဒီ့ နောက်မှာတော့ ဟားမားစ်တစ်ဦးရောက်လာကာ သူတို့ကိုတွေ့သွားခဲ့ပြီး ဒေးဗစ်နီမန်ရင်ဘတ်ကိုသေနတ်နဲ့ ပစ်သွားခဲ့ကာ ပုန်းနေတဲ့နေရာကိုဘေးပတ်လည်က အဆက်မပြတ် သေနတ်တွေနဲ့ပစ်ခဲ့ကြတာကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။
ပစ်ခတ်မှုတွေကြောင့် နိုအမ်က ဒဏ်ရာတွေရထားပေမယ့် သေချင်ယောင်ဆောင်ကာ အလောင်းကောင်တွေအောက်ဘက် အမှိုက်ပုံးကြီးထဲမှာငြိမ်နေခဲ့တော့ ဟားမားစ်တွေက သူမကို သေသွားပြီထင်ခဲ့ကြရာက အသက်ဘေးကလွတ်ခဲ့တာပါ။ အဲဒီနေရာမှာ နိုအမ်ကို အစ္စရေးတပ်ဖွဲ့တွေကပြန်တွေ့ပြီး ရှေးဦးသူနာပြုစုနည်းတွေအရင်ပြုလုပ်ကာ လုံခြုံတဲ့နေရာခေါ်သွားခဲ့တာပါ။
အစ္စရေးနိုင်ငံရဲ့ စူပါနိုဗါ သဲကန္တာရတေးဂီတပွဲတော်က ဟားမားစ်တို့အတွက်တော့ တကယ့်ပစ်မှတ်ကောင်းဖြစ်ခဲ့တာပါ။ ကျင်းပနေတဲ့ Re’im နယ်လေးက ဂါဇာနယ်စပ်က သုံးမိုင်သာဝေးပြီး ဟားမားစ်တို့က ဆိုင်ကယ်တွေ၊ ပစ်ကပ်ကားတွေ၊ ဂလိုက်ဒါတွေ၊ အမြန်စပိဘုတ်တွေနဲ့ပါ နယ်စပ်ကိုဖြတ်ပြီး ရောက်လာခဲ့ကြတာလို့ဆိုပါတယ်။
Ref—-NDTV