၅. ၁၁. ၂၀၂၃
Written by Nay Aung
အိန္ဒိယစစ်တပ်သည် အမေရိကန်၊ မြန်မာနိုင်ငံတို့နှင့် နိုဝင်ဘာလ၊ ဒီဇင်ဘာလအတွင်း စစ်ရေးပူးတွဲလေ့ကျင့်သွားမည်ဖြစ်ကြောင်း အိန္ဒိယ စစ်ဘက်တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။
အိန္ဒိယစစ်တပ်သည် မြန်မာ၊ အမေရိကန်နိုင်ငံတို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို Meghalaya ပြည်နယ် Umroi စစ်တပ်နယ်မြေတွင် ပူးတွဲစစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း သိရသည်။ မလေးရှားစစ်သားများသည် ပြီးခဲ့သောလက အိန္ဒိယစစ်သားများနှင့်အတူ အဆိုပါ အရပ်ဒေသတွင် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ထားသည်။
အိန္ဒိယစစ်တပ်သည် မတူညီသော နိုင်ငံသုံးနိုင်ငံနှင့် အဆိုပါ စစ်တပ်နယ်မြေတွင် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အိန္ဒိယစစ်တပ်သည် မတူညီသော နိုင်ငံပေါင်း ၂၂ နိုင်ငံနှင့် မတူညီသောနေရာများတွင် ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း ၃၆ ခု လုပ်ဆောင်ရန်စေ့စပ်ဆွေးနွေးနေကြောင်း အိန္ဒိယစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Mahendra Rawat က ပြောသည်။ Umroi စစ်တပ်နယ်မြေတွင် မတူညီသောနိုင်ငံပေါင်း ၆ နိုင်ငံနှင့် ပူးတွဲပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်းများကို လက်ရှိအချိန်အထိ လုပ်ဆောင်ထားနိုင်ကြောင်း ၎င်းကပြောသည်။
Umroi စစ်တပ်နယ်မြေတွင် အခြားနိုင်ငံများမှ စစ်သားများလာရောက်လေ့ကျင့်ခဲ့ဖူးပြီး မြန်မာ၊ ထိုင်း၊ တရုတ်၊ ကာဇက်စတန် နှင့် မလေးရှားနိုင်ငံတို့သည် အဆိုပါစစ်တပ်နယ်မြေတွင်အိန္ဒိယနိုင်ငံနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။အိန္ဒိယနိုင်ငံ၏ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ အစီအစဉ်များအရ အမေရိကန်စစ်သားများသည် ယခုလအတွင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိကာ ပူးတွဲစစ်ရေးလေ့ကျင့်မည်ဖြစ်သလို မြန်မာနိုင်ငံမှစစ်သားများသည် ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံသို့ရောက်ရှိမည်ဖြစ်ကာ Umroi စစ်တပ်နယ်မြေတွင် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ဒုတိယအကြိမ်မြောက်လုပ်ဆောင်မည်ဖြစ်ကြောင်း အိန္ဒိယစစ်တပ်က ပြောသည်။
Ref; tribuneindia