၅. ၁၁. ၂၀၂၃
Written by Nay Aung
မဏိပူရပြည်နယ် မိုးရေးမြို့တွင် ရဲအရာရှိတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အိန္ဒိယအထူးတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များသည် မိုးရေးမြို့အတွင်း ပူးပေါင်း စုံစမ်းရှာဖွေမှုများလုပ်ဆောင်ခဲ့ရာ ကူကီးလက်နက်ကိုင်အဖွဲ့ဝင် ၇ ဦးကို သေနတ်၊ ကျည်ဆံအပြင် အခြား ပေါက်ကွဲစေသော ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းမိခဲ့သော ကူကီးလက်နက်ကိုင်အဖွဲ့ဝင် ၇ ဦးထဲတွင် မြန်မာနိုင်ငံသား ၂ ဦးလည်းပါဝင်ခဲ့ကြောင်း မိုးရေးမြို့ရဲတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ အိန္ဒိယ လုံခြုံရေးပူးပေါင်းအဖွဲ့သည် ကူကီးလက်နက်အဖွဲ့ဝင် ၇ ဦးကို ယမ်းမှုန့် ၁၀ ဂရမ်၊ တရုတ်နိုင်ငံထုတ် လက်လုပ်ဗုံးတစ်လုံး၊ သေနတ်ကျည်ဆံ ၁၀၂ တောင့်၊ ပေါက်ကွဲစေသော ပစ္စည်း၂ ဒသမ ၅၂၅ ဂရမ်၊ ကျည်ကာအင်္ကျီတစ်ထည် အပါအဝင် အခြားပေါက်ကွဲစေသောပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူ ၇ ဦးသည် United Kuki Liberation Front လက်နက် ကိုင်အဖွဲ့ အဖွဲ့ဝင်များဖြစ်ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။
မဏိပူရပြည်နယ်ရဲတပ်ဖွဲ့သည် အောက်တိုဘာ ၃၁ ရက်နေ့က အိန္ဒိယရဲအရာရှိတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အိန္ဒိယနှင့် မြန်မာနယ်စပ်မြို့ဖြစ်သော မိုးရေးမြို့ အတွင်း စီးနင်းရှာဖွေခဲ့ရာ တရားမဝင်နေထိုင်နေသည့် မြန်မာနိုင်ငံသား ၃၂ ဦးအပါအဝင် နိုင်ငံခြားသား ၄၀ ကျော်ကို ဖမ်းဆီးခဲ့ပြီးမြန်မာနိုင်ငံသား ၁၀ ဦးကို အကျဉ်း ထောင်သို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။အိန္ဒိယအထူးတပ်ဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့များသည်လက်ရှိအချိန်တွင် ဖမ်ဆီးထားသော မြန်မာနိုင်ငံသားများပါဝင်သည့် ကူကီးလက်နက်ကိုင် ၇ ဦးကို အသေးစိတ်စုံစမ်းစစ်ဆေးရန် မိုးရေးမြို့ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
Ref; e-pao