MT News
၅. ၁၁. ၂၀၂၃
မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာ ခရီးစဉ်အသစ်ဖြစ်သော ရန်ကုန် – ကူမင်း – ရန်ကုန် ခရီးစဉ်ကို ယနေ့ နိုဝင်ဘာ ၅ ရက်မှစတင်၍ ၁ ပတ်လျှင် ၃ ကြိမ် တနင်္လာ၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (Terminal 1) မှ Boeing 737-800 NG လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ကူမင်း ခရီးစဉ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ထွက်ခွာမည်ဖြစ်ပြီး ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိမည်ဖြစ်ကြောင်းနှင့် ကူမင်း-ရန်ကုန် ခရီးစဉ်တွင် ကူမင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။
လေယာဉ်လက်မှတ် ဈေးနှုန်းများအနေဖြင့် အသွားတစ်ကြောင်းလျှင် အမေရိကန်ဒေါ်လာ ၂၇၉ ဒေါ်လာနှင့် အသွားအပြန်ဆိုပါက အမေရိကန်ဒေါ်လာ ၄၆၄ ဒေါ်လာကျသင့်မည်ဖြစ်သည်။
ထို့ပြင် မြန်မာအမျိုးသားလေကြောင်းက ရန်ကုန် – ကူမင်း – ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ ဆောင်ရေးခရီးစဉ် Cargo Flight ကို နိုဝင်ဘာ ၃ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Boeing 737-400 Freighter လေယာဉ်ဖြင့် စတင်ပျံသန်းပြေးဆွဲခဲ့ပြီး နေ့စဉ်ပျံသန်းပြေးဆွဲပေးရန် စီစဉ်ထားကြောင်း သိရသည်။
အလားတူ မြန်မာအမျိုးသားလေကြောင်းက ပြည်တွင်းခရီးစဉ်တစ်ခုဖြစ်သည့် ရန်ကုန် – မြိတ် – ရန်ကုန် ပြည်တွင်းခရီးစဉ်ကိုလည်း နိုဝင်ဘာ (၄)ရက်မှ စတင်၍ အပတ်စဉ် တနင်္လာ၊ ကြာသပတေးနှင့် စနေနေ့များတွင် Boeing 737-800 NG လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ယင်းခရီးစဉ်တွင် လိုက်ပါသည့် ခရီးသည်များအနေဖြင့် Baggage Allowance များဖြစ်သော Business Class: 30kg ၊ Premium Economy Class: 25kg ၊ Economy Class: 20kg နှင့် Hand Carry Baggage 7kg သယ်ဆောင်နိုင်ကြောင်း သိရသည်။